Friday, September 14, 2012

ငယ်ငယ်တုန်းက သူငယ်ချင်းများ

(ငယ်ငယ်တုန်းက သူငယ်ချင်းများ) အတူဆော့ကစားကြ ယောက်ျား-မိန်းမ မရှိ ငါတို့ ထုတ်ဆီးတိုးကြတယ် တူတူ ပုန်းကြတယ် ဂေါ်လီ လှိမ့်ကြတယ် သားရေကွင်း ပစ်တယ် ဘောလုံး ကန်တယ် ရေကူးတယ် သစ်ပင်တက်တယ် တခါတခါ စစ်တိုက်တမ်းလဲ ကစားခဲ့ကြ ဒိုးထိုးတယ် ၊ ဖန်ခုန်တယ် …….. ………….. ……… “ဟေ့ ကလေးတွေ ။တော်တော်ဆိုးတဲ့ ကလေးတွေ “တဲ့ ငါတို့ကိုမုန်းတဲ့ လုကြီးရဲ့အိမ်ရှေ့ ဇောင်းခါးသီးပင်တွေတန်းစီလို့ ခူးမစားဘဲ ငါတို့ ဒုတ်နဲ့ရိုက်ချ သူ့အိမ်ရှေ့ရေမြောင်းထဲ ဇောင်းခါးသီးစိမ်းစိမ်းလေတွေမျောလို့ အဲဒီလူကြီး စိတ်ဆိုး ငါတို့ ရယ်မောပျော်ရွှင် ခဲ့ကြ။ ငါ့ရဲ့အိမ်ဟာ မင်းတို့အိမ်ပဲ မင်းတို့အိမ်ဟာလဲ ငါ့အိမ်ပဲ ငါ့အိမ်က ထမင်းဝိုင်းဟာ မင်းတို့ထမင်းဝိုင်းဖြစ်သလို မင်းတို့အိမ်က ထမင်းဝိုင်းဟာလဲ ငါ့ရဲ့ထမင်းဝိုင်းပဲ၊ နေပူပူ မိုးရွာရွာ နှင်းကျကျ နေ့တွေ လရောင်အောက်က ညတွေ လရောင်ကင်းမဲ့ ညတွေ ငါတို့တတွေ ပျော်ကြ ပြေးတမ်း လိုက်တမ်း ကစား မောပန်းခြင်းများ မရှိခဲ့။ ငါတို့ရဲ့ ကစားကွင်းထဲမှာ အသပြာမရှိ ၊ ဂုဏ်ပကာသန မရှိ အာဃာတ ၊အမုန်း ၊မနာလိုခြင်း မရှိ ပျော်ရွှင်ခြင်းများသာရှိခဲ့သော ငါတို့ရဲ့ ငယ်ဘ၀ အလွမ်းများစွာဖြင့်…………….. (သော် ဇင် အုန်း)

Thursday, September 13, 2012

ကျားနဲ့ယုန်

ကျား နဲ့ ယုန် ခေတ်မှီတဲ့ကျားတစ်ကောင်ဟာ အမဲကောင်ကိုချောင်းပြီး အလစ်ဖမ်းစားရတာ ကြာတော့ ပျင်းလာတယ်။အချောင်သက်သက်သာသာနဲ့ စားချင်လာတယ်။ဒါနဲ့ ကျားဟာ အကြံထုတ်ထုတ်တယ်။ကျားဆိုတော့ သိပ်ကြာကြာမစဉ်းစားရပါဘူး၊အကြံရတာပေါ့။ဒါနဲ့ ကျားဟာ သူ့အကြံကိုအကောင်အထည်ဖော်တော့တယ်။ပထမဆုံး သမင်တစ်ကောင်ကို ဖမ်းလိုက်တယ်။ပြီးတော့ မစားဘဲ ဒီလိုပြောပြီးပြန်လွှတ်လိုက်တယ်။ “ငါမင်းကိုစတာပါကွာ၊ဒီနေ့ကစပြီး အသားမစားတော့ဘူး၊သက်သတ်လွတ်အသီးအနှံစားပြီးဥပုသ်ရက်ရှည်စောင့် အဓိဌာန်ဝင်မလို့ကွ” တဲ့ ကျားပါးစပ်ထဲကထွက်လာတဲ့သမင်ဟာ ၀မ်းသာအားရပြေးလာပြီး တစ်တောလုံးကို ဒီအကြောင်းလျှောက်ပြောပြတယ်။ဒါပေမယ့်ဘယ်သူမှမယုံပါဘူး.။သမင်ကကျိန်တွယ်ပြောတော့ ပညာရှိယုန်ကစဉ်းစားတယ်။ “ခဏနေကြအုန်း ငါကိုယ်တိုင်စမ်းမယ်” ဆိုပြိး ကျားဆီကိုထွက်သွားတယ်။ကျားဆီရောက်တော့…. “သမင်ပြောတာဟုတ်လား၊ကျုပ်မယုံဘူး၊မြက်စားပြမှယုံမယ်” လို့ပြောတယ်။ကျား ပဲ ….ဒါမျိုးစမ်းလို့ဘယ်ရမလဲ။မြက်တွေကိုချက်ချင်းကောက်စားပြတာပေါ့။ဒီတော့ပညာရှိယုန်အတည်ပြုလိုက်ပြီး တစ်တောလုံးယုံသွားကြပြီပေါ့။ နေ့တိုင်းကျားရဲ့ဂူမှာ အသီးအနှံလာပို့သူတွေနဲ့ ကြက်ပျံမကျ စည်ကားနေတာပေါ့။ဒါပေမယ့် ထူးဆန်းတာတစ်ခုက တိရိ စ္ဆာန်တွေထဲက အားအရှိဆုံး၊အသားအများဆုံးသတ္တ၀ါတွေဟာ ကျားဂူသွားရင်းထူးဆန်းစွာပျောက်ဆုံးသွားကြတယ်။ ဒီလိုဖြစ်ပေမယ့် ကျားကိုတော့ မယုံသင်္ကာမဖြစ်ကြပါဘူး။တခြားအကြောင်းကြောင့်လို့ပဲထင်နေကြတယ်။ ကျားရဲ့ပုံစံကလဲမထင်ရက်စရာ၊မျက်နှာလေးက အမြဲချိုပြီး စကားသံလေးက ခပ်အေးအေး၊အမြဲတမ်းအိနြေ္ဒအပြည့်။ဒါပေမယ့် ပျောက်သူများလာတော့ မနေသာကြတော့ဘူး။ပညာရှိယုန်ကိုပဲအကျိုးအကြောင်းပြောဆိုပြီး စုံစမ်းခိုင်းကြတယ်။အကူအညီတောင်းကြတယ်။ယုန်လည်းစုံစမ်းဖို့ ကျားဆီထွက်လာခဲ့တယ်။ကျားဟာယုန်လာတာကိုမြင်တာနဲ့ ပျာပျာသလဲကြိုဆိုတယ်။လိုလေသေးမရှိဧည့်ခံတယ်။ယုန်လည်းလာရင်းကိစ္စမေ့သွားတယ်။ အနံ့တစ်ခု ရတော့မှ သတိပြန်ရတယ်။သေချာတယ်….ကျားရဲ့ပါးစပ်က နံတာ။ပညာရှိယုန်ပဲ သိပြီပေါ့။ ကျားကလဲသိပ်လျင်တော့ ယုန်အခြေအနေကို သဘောပေါက်သွားတယ်။ကျားပဲ…ဘယ်၇မလဲ “ငါ့အကြောင်းကို မင်းသိပြီမဟုတ်လား၊သူများတွေကိုမင်းလျှောက်မပြောနဲ့ပြောရင်မင်းကိုငါသတ်စားမယ်၊ မပြောရင်လူအများရှေ့မှာ မင်းကို ဆရာခေါ်မယ်”လို့ ညှိတယ်။ ဘာကောင်ဖြစ်ဖြစ် ကိုယ့်အသက်တော့ ကိုယ်မြတ်နိုးတာပဲမဟုတ်လား၊ပြေလည်သွားတာပေါ့။ ဒီလိုနဲ့ နှစ်တွေသာကြာသွားတယ်ဒီကိစ္စစုံစမ်းမရတော့ဘူး၊ကျားဂူမှာ စည်ကားဆဲ၊ကျားကလဲသက်သတ်လွတ်စား ဥပုသ်စောင့်မြဲ၊တိရိ စ္ဆာန်တွေကလည်း ပျောက်မြဲပေါ့လေ.. ဒါပေမယ့် ယုန်ကတော့ ကျားရဲ့ဆရာ ဖြစ်သွား ပြီ လေ……. (သော်ဇင်အုန်း) ဟန်သစ် မဂ္ဂဇင်း ဇူလိုင်လ ၁၉၉၂