Monday, November 5, 2012
အတိတ်ဆီပြန်မသွားကြတော့ဘူးဆိုပေမယ့် အတိတ်ကိုပြန်မသွားကြတော့ဘူး
မေ့ထားကြတယ်
မေ့ထားတယ်ဆိုတာထက် မေ့နေယောင်ဆောင်ထားလိုက်ကြတယ်
တစ်ခါတလေ ပြောမိကြရင်တောင်မှ စကားစကို
ဖြတ်ထားလိုက်ကြတယ်
အဲဒီတုန်းက ဆိုတဲ့ စကားစကို ပြောမိတဲ့သူ က ချက်ချင်း
စကားလမ်းကြောင်းကိုပြောင်းပစ်လိုက်တယ်
ခဏ လေး ပြန်ပြေးသွားတဲ့ စိတ် ထဲ ကို ဘယ်သူမှ
ပြန်မသွားနိုင်အောင်
လမ်းကြောင်း ကို တခြား နယ် ထဲ ဆွဲခေါ်ပစ်လိုက်တယ်
ခဏ လေးပါ ခဏလေးပဲ ခဏလေး
မျက်လုံးတွေထဲက မျက်လုံးတွေ ကို
ဖျပ်ကနဲ မျက်တောင်ခပ်ပစ်လိုက်တဲ့
အချိန်မှာလေးမှာပဲ
လမ်းကြောင်းကိုလွှဲလိုက်တယ်……
သော်ဇင်အုန်း
သီချင်းကြိုက်တဲ့ကောင်
တွံတေးသိန်းတန်ကို ကြိုက်တယ်
သူ့သီချင်းတွေ အော်ဆိုတယ်
ခင်ဝမ်းကြီးကို အသံလေးကြားတာနဲ့
ခိုက်မိတော့
ကျွန်တော်သွားတော့မယ် သီချင်းသံဟာ
မျက်ရည်ကျခဲ့
အမေ့ရဲ့ဒုက္ခအိုးလေးဆိုတာ အတူတူပါပဲ
ထူးအိမ်သင်ကိုပဲ အဆိုတော်လို့
ခုထိထင်နေတုန်း
သူတို့တော့သက်ရှိထင်ရှားမရှိတော့ပါဘူး
ကျွန်တော်ရှင်နေသေးတော့
ကျွန်တော့်အနားမှာသူတို့ရှိနေတယ်
ကျွန်တော်လဲသူတို့သွားရာလမ်းအတိုင်း လိုက်ရမှာ
အဲ ဒီမှာ
သီချင်းတွေ ဆက်နားထောင်မယ်။ ။
(သော်ဇင်အုန်း)
၂၇.၁၀.၂၀၁၂
စိတ်
ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် မဖြစ်ချင်ဘူး၊သမတကြီးမဖြစ်ချင်ဘူး၊လွှတ်တော်အမတ် မဖြစ်ချင်ဘူး၊
နိုင်ငံရေးသမား မဖြစ်ချင်ဘူး………………………………………………………………
………………………………………………………………………………………………………………
ရုပ်ရှင်သရုပ်ဆောင်လဲမဖြစ်ချင်ဘူး၊အဆိုတော်လဲ မဖြစ်ချင်ဘူး၊ဒါရိုက်တာလဲမဖြစ်ချင်ဘူး……………………..
ဘီလျှံနာလဲမဖြစ်ချင်ဘူး၊ဘာသာရေးခေါင်းဆောင်လဲ မဖြစ်ချင်ဘူး……………………………………………။
တကယ်တော့ ကျန်ခဲ့တဲ့ စက္ကန့်အနည်းငယ်အချိန်က ကျနော်ဖြစ်ချင်ခဲ့တဲ့ အရာတွေပါ………………………..
(သော်ဇင်အုန်း)
စွန့်လွှတ်ခဲ့ရတဲ့အလုပ်ကလေးတစ်ခု
ကျွန်တော် ၄တန်းကျောင်းသားဘ၀က အဖြစ်အပျက်လေးပါ-
ကျွန်တော်တို့အိမ်ရဲ့မျက်စောင်းထိုးမှာအဖေ့သူငယ်ချင်းအိမ်ရှိပါတယ်။သူတို့အိမ်မှာမိသားစုတနိုင်ဇီးထုပ်လုပ်
ငန်းလေးရှိပါတယ်။ကျောင်းပိတ်ရက်တွေမှာကျနော်လည်းသူတို့အိမ်အလည်သွားရင်း ဇီးထုပ်တွေကို ကူထုပ်
ပေးခဲ့ပါတယ်။တနေ့အဖေ့သူငယ်ချင်းက -
“သား ဇီးထုပ်တွေကိုကျောင်းမှာယူရောင်းပါလား
သားမုန့်ဖိုးရတာပေါ့၊ဦးကရောင်းရတဲ့အပေါ်မူတည်ပြီးသားကိုမုန်ကိုမုန့်ဖိုးပေးမယ်လေ”
လို့ပြောပါတယ်။
ကျွန်တော်လဲသူပြောတာလက်ခံပြီး အတန်းထဲမှာ ဇီးထုပ်တွေရောင်းပါတယ်။
“ဇီးထုပ်က ဆေးသကြားမပါတော့စားလို့ကောင်းပါတယ်”လို့ဆရာမတွေကပြောပါတယ်။
ကျွန်တော့်ဇီးထုပ်တွေကို ၃တန်း၊၂တန်း၊၁တန်း၊သူငယ်တန်းတွေကလဲဝယ်စားခဲ့ကြပါတယ်။
ဇီးထုပ်ရောင်းကောင်းတော့ ကျနော်လဲမုန့်ဖိုးများများရတာပေါ့။ဒီလိုနဲ့ တစ်လလောက်ကြာတဲ့နေ့တနေ့မှာ
အတန်းပိုင်ဆရာမကကျွန်တော်ကိုပြောပါတယ်။ပြောနေတုန်းဆ၇ာမမျက်နှာကစိတ်မကောင်းဖြစ်နေပုံပါ။
သူပြောတာအများကြီးပါ-ဆိုလိုရင်းကတော့
“ကျောင်းမှာဈေးရောင်းဖို့ ကျောင်းဈေးတန်းကဈေးသည်တွေကိုပဲခွင့်ပြုထားတာ၊
သူတို့ကလွဲပြီးဘယ်သူမှကျောင်းမှာဈေးရောင်းခွင့်မရှိဘူး”ဆိုတာပါပဲ။
ကျွန်တော်လဲစိတ်မကောင်းစွာနဲ့ပဲ ဇီးထုပ်ရောင်းတဲ့အလုပ်ကိုစွန့်လွှတ်ခဲ့ရပါတယ်။ ။
(သော်ဇင်အုန်း)
စစ်အကြောင်းရုပ်ရှင်
လွန်ခဲ့တဲ့၂၅နှစ်ကျော်……….
မြန်မာ့ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကြည့်ခဲ့ရဘူးတယ်။
အဲဒီအချိန်ရုပ်မြင်သံကြားစက်ပိုင်ဖို့ဆိုတာ တော်တော်လေးငွေကြေးပြည့်စုံမှ ၊ကျွန်တော်တို့ တမြို့လုံးမှာ
လက်ချိုးရေတွက်လို့ရတယ်။စနေ/တနင်္ဂနွေနေ့တွေမှာရုပ်ရှင်ကားတွေလာတတ်တယ်။ကျောင်းပိတ်ရက်
အမေ့ဆီကမုန့်ဖိုးတောင်းပြီး သူငယ်ချင်းတွေနဲ့အတူ တီဗီကြည့်ဖို့ဘူတာနားကပိုက်ဆံငါးမူးပေးကြည့်ရတဲ့
တီဗီရုံဆီသွားကြတာ….
အဲဒီနေ့ကြည့်ရတာက ရုရှ ရုပ်ရျင်ကားပါ။အင်္ဂလိပ်လိုစာတန်းထိုးလေးနဲ့
ဇာတ်လမ်းအစမှာ--အဘွားအိုတစ်ယောက်ရွာအ၀င်လမ်းမမှာ သူ့သားရဲ့အိမ်အပြန်ကိုမျှော်နေတဲ့အခန်းနဲ့
စပါတယ်။နောက်ဇာတ်လမ်းပြောသူ(သူ့သားရဲ့ဒိုင်ယာရီစာအုပ်လေး)ကသူ့ရဲ့သားစစ်ပွဲတစ်ပွဲမှာ ရန်သူတွေ
နဲ့ရင်ဆိုင်တိုက်ကြရင်းရန်သူ့တင့်ကားတစ်စီးကိုရဲရဲဝန့်ဝန့်သတ္တိရှိစွာ ဖျက်ဆီးအနိုင်ယူခဲ့ပုံတွေနဲ့အတူခွင့်
ရက်ရှည်ရလို့မိခင်ထံခဏပြန်လာပုံတွေပြပါတယ်။
(စစ်သားလေးဟာတကယ်တော့စစ်တိုက်ချင်လို့စစ်သားဖြစ်ခဲ့တာမဟုတ်ပါဘူး၊အမိရုရှပြည်ကြီးကို ကျူးကျော်လာသူတွေရဲ့ရန်ကတွန်းလှန်ဖို့စစ်ထဲဝင်ခဲ့သူတစ်ဦးပါ)
စစ်သားလေးဟာမီးရထားစီးလို့အမေ့မျက်နှာကိုမြင်ယောင်ရင်းပျော်လို့-ရွာထိပ်မှာအမေမျှော်နေမှာကို
မြင်ယောင်လို့ပေါ့-
ခဏလေးပါပဲစစ်သားလေးစီးလာတဲ့မီးရထားဟာရန်သူ့လေယာဉ်ပျံတွေရဲ့ဗုံးတွေအောက်မှာတိမ်းမှောက်ခဲ့ရပါတယ်။မြင်မကောင်းအောင်အလောင်းတွေဒဏ်ရာရသူတွေနဲ့စစ်မြေပြင်ကပြန်လာတဲ့စစ်သားလေးဟာစစ်မြေ
ပြင်တစ်ခုကိုထပ်မံရင်ဆိုင်ရပြန်ပါပြီ။ပြန်ခုခံ/ပြန်ပစ်လို့မရ လှိမ့်ခံနေကြရတဲ့စစ်ဘေးဒုက္ခသည်တွေကို သူတတ်နိုင်သမျှကူညီပါတယ်။အမေမျှော်နေမှာသိတော့ ရရာကားကြုံနဲ့ရွာဆီသွားခဲ့ပါတယ်။ဒါပေမယ့်
နေရာတိုင်းမှာဒဏ်ရာရသူတွေ ပြည့်လို့…..
သူတတ်နိုင်သမျှပြုစု ကူညီ ရင်းးးးးးးးးးးးး
သူ့ခွင့်ရက်စေ့သွားပါတော့တယ်…..
သူလဲအမေ့ဆီမရောက်တော့ပဲ စစ်မြေပြင်ကိုပြန်လာခဲ့ရပါတော့တယ်။
တိုက်ပွဲတစ်ပွဲမှာသူ ကျဆုံးသွားခဲ့ပါတယ်
ဒီလိုနဲ့စစ်ကြီးလဲပြီးဆုံးသွားခဲ့ပါပြီ
အဘွားအိုတစ်ယောက်ကတော့ ရွာအ၀င်လမ်းမမှာ စစ်ကြီးပြီးလို့ပြန်လာမယ့်သူ့ရဲ့သားလေးကို
နေ့တိုင်းမျှော်နေရင်းးးးးးးးးး
ဇာတ်ကားပြီးဆုံးသွားပါတော့တယ်။ .။
(သော်ဇင်အုန်း)
သစ်သီးတွေစားတဲ့နတ်သားလေးတွေ
အသက်ကြီးလာတော့(၄၂ ပါ) ငယ်ဘ၀တွေကိုလွမ်းမိတယ်။
“အကိုက သမိုင်းတွေပဲပြန်ပြန်လှန်နေတာ၊တစ်ခါလာလဲ အကိုတို့တုန်းကဘယ်လို /ဘယ်လို
မပြောနဲ့တော့ အတိတ်တွေ သမိုင်းတွေလာမလှန်နဲ့”တဲ့
ကြားလိုက်ရတဲ့ အသံလေးကရင်ကိုနင့်စေပါတယ်။
ကျွန်တော်ကလဲ မလှမပ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ အတိတ်ကိုဂုဏ်ယူဝံ့ကြွားစွာပြောပြနေတာတော့မဟုတ်ပါဘူး
ဒီလိုဖြတ်သန်းခဲ့ကြတယ်
ညီတို့ဒီအရွယ်မှာ အကိုတို့ဒီလိုနေခဲ့ရတယ်
ဒီလိုထပ်ပြီးမနေစေချင်ဘူး
တစ်စုံတစ်ရာ အကျိုးလေးရစေချင်လို့ ပြောပြနေတာပါ……လို့
စကားနဲ ရန်စဲ
စကားစကိုဖြတ်လိုက်ပါတယ်……
ထားတော့……
တက်ကြွတဲ့လူငယ်နဲ့ ဘယ်သူမှရင်ဆိုင်လို့ မရဘူးဆိုတာ သိပါ့။
ဘာလို့သိလဲ ဆိုတော့
ကျွန်တော်လဲ
ဒီ….
လို….
အသက်ကြီးလာတာ မို့ ပါ…..
ထားတော့ဗျာ
ဒီနေ့ဟာ အဖိတ်နေ့
သီလရှင်တွေဆွမ်းဆန်အလှုခံထွက်တဲ့နေ့
ကျွန်တော့်သား ၇နှစ်သားကို မေးကြည့်မိတယ်
“သား ၊သိလားး သီတင်းကျွတ်ဆိုတာ လေ”ဆိုတော့
“သီတယ်ဖေဖေ၊ ဘုရားကနတ်ပြည်က နေ လူ့ပြည်ပြန်ဆင်းလာတာနော်”တဲ့
ဟုတ်ပါပြီ၊နတ်ပြည်ကိုသူဘာသွားလုပ်တာလဲ ….လို့မေးတော့
“သူ့အမေ၊ကိုကျေးဇူးဆပ်ဖို့ တရားသွားဟောပြီး
ခုလိုနေ့မှာ ပြန်လာတာပေါ့လို့ ဆရာမကသားတို့ကိုပြောတယ်” တဲ့
ဟုတ်ကဲ့
မနက်ဖြန် “သီတင်းကျွတ်လပြည့်”ပါ
ဒီနေ့က မြန်မာလူမျိုးတွေအခေါ်အရအဖိတ်နေ့ပေါ့
လွမ်းမိတယ်…..ဗျာ
ဟိုးးးးးးးးး
လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ငယ်ဘဝ
ဆော့မယ် စားမယ် ဆိုတဲ့ ငယ်ဘ၀လေးကို……………………….
ဟဲ့ …..ဖြေးဖြေးစားစမ်းပါ ဘုရားကထွက်မပြေးပါဘူးဟယ်
အမေဘယ်လိုပြောပြော ပန်းကန်ထဲက ထမင်းဟင်းတွေကို ပါးစပ်ထဲ အတင်းထိုးသပ်လို့
မျက်နှာကလဲအိမ်ရှေ့လမ်းမကိုကြည့်နေတာ
ဟိုကောင်တွေလာတော့မှာ မြန်မြန်စားမှ….စိတ်က လမ်းမပေါ်မှာ။။
ထမင်းတစ်ပန်းကန်ဘယ်လိုကုန်သွားလိုက်လဲ မသိဘူး ပုဆိုးနဲ့ လက်သုတ်လို့ အိမ်ရှေ့လမ်းမပေါ်
ပြေးထွက်လိုက်တယ်….နောက်မှာတော့“ဟဲ့…ကောင်လေး…ဖြေးဖြေး….”လို့အမေကအော်ပြောနေသံတော့
ကြားသလိုလို …..
လမ်းမပေါ်ရောက်တော့ ဟိုကောင်တွေကအဆင်သင့်
“မင်းကကြာလိုက်တာ”လို့တောင်အပြစ်တင်ကြသေးတယ်။
ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ ရုပ်ရှင်တောင်ပြနေပြီ
ကျနော်တို့တွေကရုပ်ရှင်မကြည့်ပါဘူး
ခုမှဆော့ရတာ
ရင်ပြင်တော်တစ်ခုလုံး ကျွန်တော်တို့အသံတွေဆူညံလို့…..
ချွေးတွေကရေတွေလို ကျွန်တော်တို့ ကိုယ်လုံးတွေပေါ်မှာရွှဲလို့….
ပျော်လိုက်တာ
ဆော့နေကြရင်း…..
ရုပ်ရှင်ပြတာရပ်သွားပြီး
“ဆွမ်းတော်ပွဲအလှုခံထွက်ရန် ရင်ပြင်တော်ပေါ်မှာ
စနစ်တကျ တန်းစီနေရာယူကြပါ” လို့အသံကြားလိုက်ရတယ်
“တော်ပြီဟေ့ ဟိုမှာ ခေါ်နေပြီ”လို့တစ်ယောက်ကပြောမှ ကစားတာရပ်လိုက်ကြပြီး
အပြေးအလွှား ရင်ပြင်တော်ဆီသွားကြတယ်။
“ဟေ့..ကလေးတွေ ငြိမ်ငြိမ်နေကြစမ်း
ရော့ ဒီမီးပုံးတွေကိုကိုင်ထား မပျက်စေနဲ့နော် နောက်နှစ်ပြန်သုံးရမှာ”
ဘုရားလူကြီးတွေလိုက်ပေးတဲ့ မီးပုံးတွေကိုကိုင်ရင်း ကျွန်တော်တို့တန်းစီနေကြတယ်
စည်တော်သံတွေတော့စပြီးကြားနေရပြီ
ရှေ့ကလူတန်းကြီးရွေ့တော့နောက်က လူတွေလဲလိုက်ရွေ့ကြတာပေါ့
“ဟေ့…..ဒီမှာ အားလုံးနားထောင်ကြ”
ပွစိပွစီရေရွတ်နေတဲ့အသံတွေဟာ မီးကိုရေနဲ့ညိမ်းလိုက်သလို
ပေါ့။
“ရှေ့ကနေတိုင်ပေးမယ်
မင်းတို့ကနောက်ကလိုက်ဆို……”
သူကနှစ်ခါ သုံးခါလောက်စိတ်ကြေနပ်အောင်သင်ပေးပြီးတော့မှ ကျွန်တော်တို့ လူတန်းကြီးဟာ
စည်တော်သံနဲ့စ၍ ရွေ့ပါတော့တယ်
လှလိုက်တာဗျာ
လရောင်အောက်မှာ မီးပုံးတွေက လင်းလက်ညီညာ တန်းစီပြီးရွေ့နေတဲ့မြင်ကွင်းဟာ ခုထိမျက်စိထဲက
မထွက်ဘူးဗျာ
လှလိုက်တာ
ညဟာ
မီးပုံးတွေရဲ့အလင်းရောင်ထဲမှာလှလိုက်တာ
စည်တော်ကရွမ်းလို့
စည်တော်သံညံနေတဲ့နံနက်လင်းအားကြီးထဲမှာ
မီးပုံးတွေတန်းစီလို့
“ဒေ၀ ဒေ၀ါ ဒေ၀ါ ပြောင်ဆင်းမောင်နတ်မင်းတို့
သင်တို့ ကျွန်ုပ်တို့သည် ဒီပါရုံစေတီတော်မြတ်ကြီးအတွက်
ဆွမ်တော်းကြီးခံလှည့်လည်လာသည် မဟုတ်ပါလား
ဟုတ်ပေ ဗျို့”
ရှေ့ကတိုင်လိုက်
နောက်ကလိုက်ဆိုလိုက်
တစ်မြို့လုံးလှည့်နေတာတာ တစ်ညလုံးမအိပ်ရတဲ့ မျက်လုံးတွေကလဲကျယ်လို့
ခြေထောက်တွေကလဲ မညောင်း
ဆွမ်းတော်ပွဲအတွက်အလှုခံထွက်လာတဲ့
မီးပုံးကိုင် နတ်သားတွေ ပေါ့
တစ်မြို့လုံး လှည့်လည် ဆွမ်းတော်ခံပြီးတဲ့နောက်
နံနက်ငါးနာရီလောက်ဘုရားရင်ပြင်တော်ပေါ်ပြန်ရောက်ခဲ့ပါတယ်
ဘုရားဂေါပကလူကြီးတွေကတရိုတသေဆွမ်းတော်ပွဲတွေကပ်လှုကြပါတယ်
တစ်မြို့လုံးလှည့်လာတဲ့နတ်သားလေးတွေကတော့ရင်ပြင်တော်ပေါ်မှာပိုးလိုးပက်လက် ခြေပစ် လက်ပစ်ပေါ့
အလင်းရောင်က လပြည့်နေ့ပေါ်ကိုအပြည့်အ၀ ကျေ၇ာက်လာတဲ့အခါ
ဆွမ်းတော်ပွဲတွေကိုစွန့်ကြပါတယ်
“ဟေ့ …ကလေးတွေတန်းစီကြ ထိုင်နေကြနော် မလုရဘူး ကြားလား”
နတ်သားလေးတွေထိုင်နေကြတယ်
နတ်သားလေးတွေရဲ့ ပုဆိုးစဖြန့်ထားတဲ့အထဲကို
မာလကာသီးတွေ ဌက်ပျောသီးတွေ ကောက်ညှင်းပေါင်းထုပ်တွေ စသည်ဖြင့်ပေါ့
တစ်ခါလှည့်
နှစ်ခါလှည့်
သုံးခါမြောက်တော့ တစ်ပတ်မပြည့်တော့ဘူး
နတ်သားလေးတွေ ဟာသစ်သီးတွေကိုစားသုံးနေရင်း ဓမ္မာရုံထဲကို သွားချောင်းကြည့်တော့
ကိတ်မုန့်တွေ
ကိတ်မုန့်တွေ……………
့
(ကောင်းလင်းဇော်)
၂၉.၁၀.၂၀၁၂
၁၉၉၇
သမိုင်းဂုံးကျော်တံတားလဲမပြီးသေးဘူး
ဘုရင့်နောင်ဈေးလဲဆောက်နေတုန်း
ယုဇနဥယျာဉ်မြို့တော်
ဇေကမ္ဘာဥယျာဉ်မြို့တော်တွေ
အတွင်းရေးမှုး(၁)(၂)တွေ
မြို့ရွာနှင့်အိုးအိမ်တွေ
တဲပေါ်ကလူတွေတိုက်ပေါ်ရောက်ရမယ်ဆိုတာတွေ
သတင်းစာရှင်းလင်းပွဲတွေ
ဟိုဖွင့်ပွဲ ဒီဖွင့်ပွဲတွေ
ထောက်လှမ်းရေးတွေ
အထူးခေတ်စားနေတဲ့အချိန်
လင့်ခရုဇာတွေခေတ်စားနေတဲ့ခေတ်
တစ်ညလုံး၃၀၀၀ဆိုတဲ့ခေတ်
ရွှေပြည်သာ
လှိုင်သာယာကိုလိုင်းကားရှားတဲ့ခေတ်
မြောက်ဒဂုံ/တောင်ဒဂုံမှာရေရှားနေတဲ့ခေတ်ပေါ့
အဲဒီတုန်းက
ကားတစ်စီး ဓါတ်ဆီ/ဒီဇယ်၃ဂါလံရသေးတယ်
ဟိုနား/ဒီနားတက္ကစီ၁၀၀
လိုင်းကားခငါးဆယ် တစ်ကျပ်
ဧည့်စာရင်းတော့တိုင်ရတယ်
ကားတွေဒီလောက်မများသေးဘူး
လူတွေခုလောက်မများသေးဘူး
တက္ကသိုလ်တွေတော့မြို့ပြင်ရောက်နေပြီ
လမ်းကြောင်းလာတယ် လမ်းကြောင်းလာတယ် ဘေးကပ်
ဘေးကပ် ဘေးကပ် ခရာသံတွေဆူညံ
တော်လှန်ရေးပန်းခြံမှာ အစမ်းလေ့ကျင့်နေလို့
လမ်းတွေပိတ်နေတယ်
ရေဒီယိုသံတွေကတော့နေ့နေ့ညည တကျိကျိနဲ့ လိုင်းမိလိုက်ပျောက်လိုက်
မာဇဒါ၉၂၉ကားနက်တွေဘယ်လောက်များလဲ
တရုပ်အော်ဒီကားနက်တွေဘယ်လောက်များလဲဆိုရင်
အလေးပြုတဲ့ လမ်းပြရဲလေး
လက်ကိုချခွင့်မရတဲ့
စနိုးတာဝယ်ကိုလက်သုတ်ပြီး ခေါင်းကိုကျော့နေအောင်ဖီးထားတဲ့
တီဗီမင်းသားကြီးကိုနေတိုင်းကြည့်နေရတဲ့
ရန်ကုန် ပေါ့ လေ……….။ ။
(သော်ဇင်အုန်း)
စုဘူးလေးတစ်ဘူးနဲ့လိုချင်တာတွေဝယ်လို့ရမယ်ထင်ခဲ့တယ်
စုဘူးလေးတစ်ဘူးနဲ့လိုချင်တာတွေဝယ်လို့ရမယ်ထင်ခဲ့တယ်
ကာရာအိုကေနဲ့အနှိပ်ခန်းမရောက်ဖူး
ပင်လယ်ရေမချိုးဖူး
လေယာဉ်လက်မှတ်နဲ့ရေမွှေးပုလင်းမ၀ယ်ဖူး……
ကျွန်တော်သူ့ကိုအ၇မ်းသနားသွားတယ်၊သြော်..သူ့ဘ၀ကဒီလိုပါလားလို့။အထီးကျန်လိုက်တာပေါ့၊ရယ်စရာ
ပြောရရင်“အထီးကျန်တာ အမ မရှိလို့”ပေါ့။ဟုတ်ကဲ့။။။ခုထိ ဒီစာရေးနေတဲ့(၁.၉.၂၀၁၁)ထိသူကတစ်ကိုယ်
တည်း လူပျိုကြီးပါ။
နိုင်ငံကူးလက်မှတ်မလို
ကွန်ဒုံးမလို…………….
အို…..သွေးသားကိုအလိုမလိုက်ပါလား၊ဘယ်လိုများထိမ်းသိမ်းထားပါလိမ့်၊ခမျာ-သွေးလည်ပတ်မှုမှန်ပါ့မလား
ပုတီးစိတ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကားပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ၀င်ပါလိုက်
တူမလေးတွေကို စူပါမားကက် ပို့လိုက်……..
အမယ်၊……ဒီလိုဆိုတော့လည်း၊မိုက်သားပဲ။ဘ၀ကိုဒီလိုအပန်းဖြေတတ်သားပဲ။ကျွန်တော်နဲ့သူက မွေးနေ့
ရက်ချင်းအတူတူ…..သူက(၃၀.၁၀.၄၆) ကျွန်တော်က (၃၀.၁၀.၇၀)။သူကမတ်တပ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ငါးပေ ပိုနီးတယ်၊ကျွန်တော်က မတ်တပ်ရပ်နေတဲ့အခါ မိုးကောင်းကင်ထက် ငါးပေနှစ်လက်မ
ပိုနီးတယ်။
ဟိုးးးးးးးမြန်မာဘုရင်များလက်ထက်မှာ မြန်မာကြီးတစ်ယောက်ဟာ အရပ် ဆယ်ပေလောက်တောင်ရှိသတဲ့။
ခု…….ကျွန်တော်တို့ကပုတာချင်း အတူတူ၊သူ့ကိုကျွန်တော်တန်းဆွဲညှိနေတာမဟုတ်ပါဘူး။ညှိလို့လဲမရနိုင်ပါ
ဘူး။ သူကဆင်ဆိုရင်ကျွန်တော်က ပုရွက်ဆိတ်၊ကျွန်တော်က ပုရွက်ဆိတ်ဆိုရင် သူက ဆင်ကြီးပါ။
ကျွန်တော်သူ့ကို လေးစားတယ်
ကျွန်တော်သူပြောတဲ့စကားတွေကိုနားထောင်ချင်တယ်
ကျွန်တော်သူရေးတဲ့ကဗျာ၊စာတွေကိုဖတ်ချင်တယ်
ကျွန်တော်သူ့ကိုမသေစေချင်သေးဘူး။
သူဟာ…ကျွန်တော့်ထက်(၂၄)နှစ်တိတိ ပိုပြီး လောကကြီးကို ပိုပြီးမြင်ခွင့်ရခဲ့သူပါ။
အနုပညာမှာ ပို့စ်မော်ဒန်
ဘာသာလေမှာ ဗုဒ္ဒစ်
နိုင်ငံလေမှာ လစ်ဘရယ်ဒီမိုကရက်တစ်………….
လက်ဖက်ရည်စပါယ်ရှယ်လစ်လို့ထပ်ထည့်ချင်သေးတယ်။စာပေလောကမှာသူ့လောက် လက်ဖက်ရည်ကို
နှစ်နှစ်ခြိုက်ခြိုက် သောက်နိုင်တဲ့သူမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။တစ်နေ့မှာသူဘယ်လောက်လက်ဖက်ရည်
သောက်သလဲဆိုရင်သူတောင်သိနိုင်မှာမဟုတ်ဘူး။လက်ဖက်ရည်ကိုကြိုက်လို့လား၊လက်ဖက်ရည်ဆိုင်ထိုင်တာကိုကြိုက်လို့လား ဆိုတာတော့ ဒီတစ်ခါတွေ့ရင်မေးကြည့်ရဦးမယ်။တနင်္ဂနွေနေ့ ဆိုရင်ဘုမ္မာလမ်းထိပ်က
လက်ဖက်ရည်ဆိုင်မှာ လာသမျှလူတွေ(စာပေသမားတွေပါ)ကို လက်ဖက်ရည်ဖိုးသူရှင်းပေးပါတယ်။မယုံရင်စာ
ဖတ်သူကိုယ်တိုင်သွားကြည့်စေလိုပါတယ်။
ဒါပေမယ့်
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကို ယုံကြည်ခဲ့တယ်……
“ငါပြောတာနားထောင် ငါယုံကြည်တာမင်းတို့ယုံကြည် ငါလုပ်သလိုမင်းတို့လုပ်”လို့ တစ်ခါမှ
ဒီငနဲကြီးမပြောခဲ့ဘူးဗျာ။သူလည်းပြောချင်တာပြောမယ်။ခင်ဗျားတို့လဲပြောချင်တာပြောကြ။လွတ်လပ်စွာ
ကွဲလွဲကြမယ်။ဒီလက်ဖက်ရည်ဝိုင်းမှာ ရန်ဖြစ်စ၇ာမလိုဘူး။
ထွန်းစန်းကပြောဖူးတယ်
“သူ့ဆီကိုလာတာ ဘာများရှုံးစရာရှိလဲ၊သူတိုက်တဲ့လက်ဖက်ရည်ကိုသောက်၊သူလည်းပြောချင်ရာပြော၊
ကျွန်တော်တို့လဲပြောချင်ရာပြော၊လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ဗျာ၊တစ်ခါက ကိုအောင်ချိမ့်နဲ့
တာရာမင်းဝေ စကားအချေအတင်ဖြစ်တဲ့ပွဲမှာ သူဘာပြောသလဲသိလား
“ချိမ့်ကြီး၊လူငယ်တွေ ပြောချင်တာပြောပါစေ၊ကျွန်တော့်လက်ဖက်ရည်ဝိုင်းမှာ
ဒီမိုကရေစီရှိတယ်၊။ရွှေဘုန်း မင်းကလဲ မင်းအယူအဆကိုပြောတဲ့အခါ
လူကြီးကိုစော်ကားသလို မဖြစ်စေနဲ့” တဲ့။
သူက အဲဒီလိုမျိုး……………………………………..
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါကျခဲ့တယ်
အဲဒီအရွယ်မှာပဲ
ကောင်မလေးတစ်ယောက်ကို အရူးအမူးနဲ့စွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော်
ကဗျာဆရာဖြစ်လာခဲ့
အဲဒါကျွန်တော်ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလားးးးးးးးးးးး
သူဟာသူဖြစ်လာခဲ့တာကို အဲသလို ရိုးရိုးသားသား ရေးခဲ့ပါတယ်။သူဟာ ဒီလို သူဖြစ်လာအောင် ဘာညာ
ဘာညာ ဆိုပြီး သူဟာမညာခဲ့ဘူး။
မတော်တဆဟာ တော်တော်ကျကျ
ဖြစ်လာခဲ့ပါတယ်………..
ကျွန်တော်တို့ကံကောင်းခဲ့ပါတယ်။
အဖေက လခ သုံးရာရတဲ့ ဌာနခွဲ စာရေးကြီး
(သူကတော့ အဲဒီရာထူးကို ဒုရုံးအုပ်လို့ပြောတယ်)
အမေကတော့ မြေလတ်သူ
ဗမာစာရေးတတ်ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလိုစိတ်ကြီးလည်းဝင်တတ်တယ်)
ဒီလိုမိဘနှစ်ပါးကပေါက်ဖွားခဲ့တဲ့သူဟာ………………………………….
ငါးကျည်းနဲ့ငါးခူကို
ဘယ်လို ခွဲခြားရမယ်ဆိုတာကအစ……………သူ့ရှဲ့နှုတ်ဖျားကပြောခဲ့တဲ့စကားပါ။
“လှသန်းက အဲဒါကြောင့်ပြောတာ၊ငါတို့ရှေ့ကလူကြီးတစ်ယောက်ကလဲ
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ မကွဲဘူး၊
လူကြီးတစ်ယောက်ကလဲ၊သမီးနဲ့မြေးကို မကွဲဘူး”တဲ့။
အဲဒီလိုလူ၊သူဟာ ကြိုက်ရာခေါင်းစဉ်ကို ပေး၊လိုချင်ရာစာကို ပေး၊ရေး သူတစ်ယောက်ရဲ့ဘ၀မှာ ရေးချင်စေရာကို ရေးနိုင်တယ်။စာရေးခြင်းအတတ်တစ်ခုတည်းနဲ့ သူနေခဲ့တယ်။
သူဟာစစ်မတိုက်တတ်ခဲ့ဘူး
သူဟာတိုက်မဆောက်တတ်ခဲ့ဘူး
သူဟာကားမမောင်းတတ်ခဲ့ဘူး
သူဟာပွဲစားမလုပ်တတ်ခဲ့ဘူး
သူဟာစာပေဟောပြောပွဲ မဟောခဲ့ဘူး
သူဟာစာရေးခြင်း အလုပ်တစ်ခုတည်းနဲ့ စာရေးနေခဲ့တယ်။သူဟာတောက်တဲ့ကိုကြောက်တဲ့သူဆိုတော့ ခု အချိန်မှာ ၂၅ ကျပ်သားရှိတဲ့ တောက်တဲ့ကိုရရင်ဆိုတဲ့ တောက်တဲ့အကြောင်းတွေကို သူကြားတောင်ကြားရဲမှာမဟုတ်ဘူး။
ဒါပေမယ့်သူဟာ ခု နည်းနည်းနည်းဝန်ခံလာတယ်
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှရည်းစားတွေဘာတွေရ
သူနဲ့ကျွန်တော့်အသက်က
မိုက်ကယ်ဒေါက်ကလပ်နဲ့ကက်သရင်းဇီတာဂျုံးလောက်
ကွာတယ်……..
သူ့ကိုချစ်တဲ့သူတွေ စိတ်ဝင်စားအောင်လား၊သူ့ကိုချစ်တဲ့သူတွေကို ရိုးရိုးသားသား ဖွင့်ဟ၀န်ခံတာလား
သူလည်းလေလောကီသားမို့ ကြွားချင်တာလားးးးးးးးးးးးးးး
ဒုက္ခတွေကို
ကြက်မွှေးနဲ့သပ်ချလို့……..
သူကတော့ ဒုက္ခရောက်မရောက်မသိဘူး၊သူ့ကိုစဉ်းစားရင်း ကျွန်တော်ကတော့ ဒုက္ခတွေရောက်လို့
သူ့ကဗျာတွေနဲ့ ကျွန်တော့်ဒုက္ခတွေကိုသပ်ချလို့ပေါ့………………………။ ။
(သော်ဇင်အုန်း)
“လူသိရှင်ကြားဖုံးကွယ်ခြင်း” ဆိုတဲ့ သစ္စာနီရဲ့ ကဗျာရှည်ကိုဖတ်မိရင်းရေးခဲ့တာဖြစ်ပါတယ်(လှိုင်းသစ်)
ခုအချိန် ၃၀.၁၀.၁၂မှာတော့အင်္ဂလန်ကိုသူရောက်နေပြီဆိုတော့…………………………………..
ကျွန်တော် နောက်တစ်ခါရေးရင် …..
အဲဒီတုန်းက သစ္စာနီ နိုင်ငံကူးလက်မှတ်မရှိသေးဘူး
လေယာဉ်ပျံလက်မှတ်နဲ့ရေမွှေးပုလင်းမ၀ယ်ဘူးသေးဘူး
…………………………………………………………………
စသည်ဖြင့်ပေါ့
ချစ်ရတဲ့ ကိုရဲ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့…………………..
Subscribe to:
Posts (Atom)