Showing posts with label အက်ဆေး. Show all posts
Showing posts with label အက်ဆေး. Show all posts

Friday, October 2, 2015

လွမ်းတယ်၊ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေးရယ်

လွမ်းတယ်၊ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေးရယ်

ဗျောက်အိုးဖောက်သံများကြားနေရပြီ…
လမ်းမတွေပေါ်မှာကလေးငယ်တွေပျော်ရွှင်လို့၊သတင်းကျွတ်တော့မယ့်ရနံ့ကိုကျနော်တို့စတင်ရနေပါပြီ၊ မီးပုံးလေးတွေစတင်ရောင်းချနေကြပြီ၊တရုတ်နိုင်ငံကထုတ်တဲ့လျှပ်စစ်မီးရောင်စုံမီးတန်းတွေကဒီဘက်ပိုင်းမှာ ပိုခေတ်စားလာတယ်၊ပလပ်စတစ်အပါးနဲ့လုပ်ထားတဲ့မီးပုံးပျံတွေကလည်းပေါမှပေါ။ဒိုးပတ်၊အိုးစည်ဝိုင်းတွေ ကတော့ရှားပါးလို့၊ရိုးရာဂီတနေရာမှာ ဒီဂျေတွေနေရာယူလို့၊စီဒီနဲ့ဖွင့်ထားတဲ့ဆောင်းဘောက်ကြီးတွေကို ကားပေါ်တင်လို့၊ကလေးငယ်တွေဆော့တဲ့မီးရှုးမီးပန်းတွေကအစ တရုတ်တံဆိပ်နဲ့ဗျ။
ကျနော်တို့ကလေးဘ၀တုန်းကတော့…ဒီလိုဆော့စရာမပေါများဘူး၊ဗောက်အိုးဖောက်ဖို့စမုတ်တံနဲ့သံကို ကြိုးစားပန်းစားလုပ်ရတာ၊သားရေကွင်းနဲ့စမုတ်တံမှာသံချောင်းကိုချည်၊စမုတ်တံခေါင်းထဲမီးခြစ်ဆံကယမ်း မှုန့်လေးတွေထည့်၊သံချောင်းနဲကပိတ်၊ပြီးမှအမာခံတစ်ခုပေါ်ထုချ၊ဗောက်အိုးသံလေးကြားရဖို့အဲ့သလိုကြီုး စားခဲ့ရတာ၊ဗောက်အိုးသံအကျယ်ကြီးကြားချင်တော့ထီးရိုးကိုတစ်လက်မလောက်အပိုင်းလေးတွေပိုင်းပြီး အဲ့ဒီအထဲကိုမီးခြစ်ဆံယမ်းမှုန့်လေးတွေထည့်ပြန်ပိတ်၊စင်လေးတစ်ခုပေါ်မှာတင်ထား၊အောက်ကနေဖရောင်း တိုင်မီးနဲ့မြှိုက်၊ခပ်ဝေးဝေးကနေကြည့်နေ၊ခဏကြာတော့ အုံး ကနဲထပေါက်ကွဲ၊အန္တရယ်တော့အများသား၊ ဒီလိုကြံဖန်ပျော်ခဲ့ကြရတာပေါ့။
ရောင်စုံမီးပုံးလေးတွေကလည်းဈေးကြီးတော့ရွှံ့လေးတွေကိုအပြားလေးတွေလုပ်၊ဗာဒံရွက်ကလေးတွေကို ဘေးကကာလို့အလည်မှာဖရောင်းတိုင်တွေထွန်းကြ၊လူကြီးတွေကဆီမီးခွက်တွေထွန်းလို့၊တစ်ချို့ကတော့ ဆီစိမ်စက္ကူလေးတွေဝယ်ပြီးငှက်ရုပ်လေးတွေလုပ်လို့အလှမီးပုံးတွေထွန်းကြပေါ့။
သတင်းကျွတ်ဟာသာသာယာယာရှိတာများပေမယ့် တစ်ခါတလေမိုးကဖျက်တတ်သေးတယ်၊ဖရောင်းတိုင် တွေကိုအိမ်ခြံစည်းရိုး၊လှေခါး၊ခါးပန်း၊မီးဖို၊ဘုရားစင်တွေမှာထွန်းလို့၊လူကြီးတွေကိုမေးတော့မြတ်စွာဘုရား တာဝတိံသာနတ်ပြည်ကနေလူ့ပြည်ကိုပြန်ဆင်းတဲ့အတွက်မီးပူဇော်တာလို့ပြောကြတယ်။
ကျနော်တို့ငယ်ငယ်ကသီတင်းကျွတ်ဆိုရင် တေးသရုပ်ဖော်တွေခေတ်စားတယ်၊သီချင်းတွေ၊ဇာတ်လမ်းတွေကို ဖွင့်ထားပြီးသရုပ်ဆောင်ကြတာပေါ့၊ရပ်ကွက်တိုင်းမှာစင်တွေထိုးပြီး တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် အပြိုင်အဆိုင် ကကြတာလေ၊ကိုယ့်ပိုက်နဲ့ကိုယ်မင်းသားဖြစ်သူဖြစ်၊မင်းသမီးဖြစ်သူဖြစ်၊သူကြီးဖြစ်သူဖြစ်၊လူကြမ်းဖြစ်သူဖြစ်၊ အဲဒီတုန်းက ငယ်ကျွမ်းဆွေသီချင်းကခေတ်စားလွန်းသပ။
အိမ်မှာမုန့်တွေလုပ်ကြ၊ဒေသထွက်ကောက်ညှင်းဆန်နဲ့လုပ်တဲ့မုန့်တွေကိုဘုရားမှာကပ်၊သံဃာတော်တွေကို လောင်းလှု၊ပြီးရင်အိမ်နီးနားခြင်းတွေကိုဝေလို့ပျော်စရာပေါ့၊မြို့ဦးစေတီတော်မှာ သီတင်းကျွတ်လပြည့်ဆွမ်း တော်ကြီးကပ်လှုဖို့ မနက်အစောကြီးကတည်းက တစ်မြို့လုံးကိုပါတ်ပြီး ဆွမ်းအလှုခံကြတာလည်းပျော်စရာ၊ လှုလိုက်ကြတဲ့ဆွမ်း၊သစ်သီး၊မုန့်တွေကို စေတီတော်မြတ်ကြီးမှာဆွမ်းတော်ကြီးကပ်လှုကြပေါ့။
မြို့မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းအသီးသီးကလည်း သူတို့ကျောင်းတွေမှာ ဆွမ်းတော်ကြီးကပ်လှုဖို့ အလှုခံ မဲလိပ်ကလေးတွေလိပ်ပြီးအလှုခံဝကတယ်၊မှတ်မိသေးတယ်ဗျာ၊မဲလိပ်ကလေးတွေမှာရေးထားတာက
သဒ္ဒါမုန့်နဲ့ဖရောင်းတိုင် တဲ့
လွမ်းတယ် ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေး ရယ်
သော်ဇင်အုန်း

ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ပါ

ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ပါ (သော်ဇင်အုန်း)
ကျွန်တော့်ညီလေးတစ်ယောက်နဲ့စကားပြောဖြစ်တယ်
မြို့ပြမှာ နေရတာမွန်းကြပ်လွန်းနေပြီအကို၊နယ်မှာခြံလေးတစ်ခြံဝယ်၊အပင်လေးတွေစိုက်၊စာဖတ်ပြီး လူ့ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားချင်တယ် တဲ့။
သူကနိုင်ငံတကာအတွေ့အတွေ့အကြုံလည်းရှိ၊နိုင်ငံခြားဘာသာစကားနဲ့စာကိုကျွမ်းကျင်စွာ တတ်မြောက်ထားသူ တစ်ယောက်ပါ။လူမှုရေးလုပ်ငန်းတွေကို အမြဲလုပ်နေသူပါ။အလုပ်တွေများတဲ့ကြားက မျြု့ပြရဲ့မွန်းကြပ် မှုတွေဟာသူ့ကိုဒုက္ခပေးနေတာပေါ့။
ဒါကလူတစ်ယောက်ရဲ့ဒုက္ခ
ကမ္ဘာကြီးကိုကြည့်လိုက်တော့လည်း စက္ကန့်မလပ်စစ်ပွဲတွေဖြစ်လို့နေပြန်တယ်၊ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံမှာလည်ဲး ခုထိအပစ်အခတ်ရပ်စဲဖို့လက်မှတ်မထိုးနိုင်သေးဘူး။ကချင်စစ်ဘေးရှောင် တိုင်းရင်းသား တွေလည်းခုထိအိမ်မပြန်နိုင်ကြသေးဘူး၊ရှမ်း၊ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင်တိုင်းရင်းသားတွေ စစ်ပွဲတွေကြား မှာမြေစာပင်တွေပေါ့။
ဘာအကြောင်းကြောင့်ပဲစစ်ပွဲတွေဖြစ်ဖြစ်ဖြစ် နောက်ဆုံးဘ၀တွေ အသက်တွေ ဆုံးရှုးံရတာ အပြစ်မဲ့ပြည်သူတွေပါ၊စစ်ပွဲတွင်းမှာ နှစ်ဖက်စစ်သားတွေထက် ပြည်သူတွေကအဆမြောက်များစွာ သေဆုံးခဲ့ရ တာပါ။ စစ်ပွဲတွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ရုံတင်မကသေးပါဘူး အနာဂတ်အတွက် မျိုးဆက်သစ်တွေ ကိုပါဖျက်ဆီးပစ်လိုက်ပါတယ်၊ကလေးငယ်တွေ ရုပ်ဒဏ်ရာတွေ၊စိတ်ဒဏ်ရာတွေ အပြည့်နဲ့ ဘ၀တွေကိုရှေ့ဆက်နေကြရပြန်ပါတယ်။ပညာတွေမသင်ခဲ့ရ၊အတတ်ပညာနည်းပါးလို့ သူတို့အနာဂတ်ဟာ မဖြောင့်ဖြူးတော့ပါ။
ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ကြပါ
လူဆိုတာ စစ်တိုက်ဖို့မွေးဖွားလာကြတာမှမဟုတ်တာ။
တိုက်တိုက်ဆိုင်ဆိုင် ကဗျာဆရာကျော်ထူး ရဲ့ ကဗျာလေးတစ်ပိုဒ်ကိုသတိရမိတယ်
လက်ဝှေ့သမားရဲ့
လက်သီးချက်ကို အများဆုံးခံရတာ
သူ့ရဲ့ပြိုင်ဘက်တွေမဟုတ်ဘူး
လက်ဝှေ့အိတ်တွေသာဖြစ်တယ်…..တဲ့
ရင်ထဲကိုရောက်လာတယ်၊အပြစ်မဲ့ပြည်သူတွေရဲ့ဘ၀တွေ

လမ်းလျှောက်သွားကြတာပေါ့

လမ်းလျှောက်သွားကြတာပေါ့

ကြည့်မြင့်တိုင်ဘူတာရောက်တော့ ည၉နာရီလောက်ရှိပြီ။
၁၉၈၂တုန်းကပေါ့၊ဇာတိမြို့ရေကြည်ကနေရန်ကုန်ကိုလာဖို့ခုလို ကားလမ်းတွေမပေါက်သေးတဲ့အချိန်၊ ရထားနှစ်တန် သင်္ဘောတစ်တန်စီးလာခဲ့တော့လူတွေလည်းနုံးချိနေပြီ၊ရထားပေါ်ကအထုပ်တွေချ၊ အဖေကကားသွားငှား၊ပြန်လာတော့လေးဘီးကားလို့ခေါ်ကြတဲ့mazda b600 ကားလေးပေါ်မိသားစု၆ယောက်နဲ့ အထုပ်တွေတင်လို့ တည်းခိုမယ့်သရက်တောကျောင်းတိုက်ဝန်းထဲက အုတ်လှေခါးကျောင်းဆီ သွားခဲ့ကြတာပေါ့၊ဒါရန်ကုန်မှာပထမဆုံးကားစီးဘူးတာပါ။
နောက်တစ်နေ့မနက်စောစောရွှေတိဂုံဘုရားသွားဖူးကြတော့ သုံးဘီးကားလေးစီးလို့၊ကျွန်တော်တို့ ညီအကိုလေးယောက်ပျော်လို့၊နယ်မှာဒီလိုကားနဲ့ပျော်ပျော်ပါးပါးသွားလို့မှမရတာကိုး၊မြောက်ဥက္ကလာ ကဦးလေးအိမ်သွားတော့ သစ်သားဘတ်စ်ကားအိုကြီးစီးလို့၊ကားတွေကခုလောက်မများသေးဘူး၊ မီးပွိုင့်ေ၇ာက်လို့ ကားတွေရပ်နေ၊မီးပွိုင့်က အစိမ်း အ၀ါ အနီမီးလုံးတွေကိုငေးကြည့်ကြ၊မီးပွီုင့်က မစိမ်းသေးဘူးဒရိုင်ဘာက လီဗာကိုခပ်ပြင်းပြင်းနင်းထား ၊စိမ်းတာနဲ့ဝူးကနဲမောင်းထွက်တော့ ကျွန်တော်တို့တွေက တော်လိုက်တာနော် မီးစိမ်းမှာကိုကွက်ထိသိတယ်ပေါ့၊ကလေးဘ၀က အားကျခဲ့ပုံများ။ နယ်ကကားဆရာတွေနဲ့တော့ကွာပါ့ပေါ့၊နယ်မှာက ဂီယာတံကိုတုတ်ထောက်မောင်းတဲ့ ကားတွေနဲ့ ကြီးပြင်းခဲ့ရတာလေ။
တစ်ခါက ရေကြည်ကိုလျှပ်စစ်ဓါတ်အားပေးစက်ရုံလာဆောက်တဲ့ ဂျပန်အင်ဂျင်နီယာက သစ်သားဘော်ဒီနဲ့ ဂီယာတုတ်ထောက်မောင်းနေတဲ့ကားတွေကိုကြည့်ပြီး အမှတ်တရ ဓါတ်ပုံတွေရိုက်သွားတာကြည့်ခဲ့ဘူးတယ်၊ သူတို့မျက်လုံးတွေက ထူးထူးဆန်းဆန်း စိတ်ဝင်စားနေကြတယ်။သူတို့ဆီမှာမရှိတော့တဲ့ကားတွေကိုဒီလို ရအောင်မောင်းနေကြတာကို ထူးဆန်းလို့ပေါ့။
ကလေးဘ၀တုန်းကတော့ လိုချင်တာကိုစိတ်နဲ့အားလုံးရခဲ့တယ်၊အုန်းလက်တစ်ချောင်းဟာ မြင်းလည်းဖြစ်၊ နွားလည်းဖြစ်၊ငှက်ပျောလက်ဟာသေနတ်ပဲ၊ဓါတ်ခဲနဲ့လုပ်ထားတဲ့ကားဟာ မောင်းချင်တဲ့နေရာမောင်းလို့ ရတယ်၊စာရွက်ပေါ်မှာခဲတံနဲ့ဆွဲထားတဲ့ကားတွေအများကြီးပိုင်ခဲ့တာပေါ့၊
အဖေ့အသိတစ်ယောက်ရဲ့ဖင်မလီယာကားလေးနဲ့ရန်ကုန်မြိုကအနှံ့လျှောက်လည်တော့ နောက်ဖုံးထဲမှာ ထိုင်ခဲ့ရတာလေးကလည်း အမှတ်ရစရာပေါ့၊ရန်ကုန်မှာဒီလိုကားတစ်စီးနဲ့လျှောက်လည်ခွင့်ရတာ အဲ့ဒီ အချိန်ကကံကောင်းတယ်ပေါ့လေ။နောက်အဖေ့မိတ်ဆွေတစ်ယောက်ရဲ့ဒေါ့ဂျစ်ကားကြီးနဲ့ကျတော့ ပိုလို့မှ ပျော်စရာကောင်း၊ညီအကိုလေးယောက် ကားပေါ်မှာဆော့လို့၊ခုန်လို့။
အဖေ့တပည့်တစ်ယောက်ကားကတော့ အမိုက်စား၊အနက်ရောင်ဆလွန်းကားကြီးနဲ့ပဲခူးလိုက်ပို့၊ဘုရားစုံဖူး၊ သူပြောတာကတော့ဝယ်ထားတာမဟုတ်ဘူးတဲ့၊ငှားစီးတာဆိုလား၊အဲဒိအချိန်ကထူးထူးဆန်းဆန်းစကားကြားရတာပေါ့၊အဲ့သလိုငှားစီးလို့ရတာကိုသိမှမသိတဲ့အရွယ်လေ။
အမှတ်ရစရာတွေပါ၊မိသားစုတွေကိုသည်းခံပြီး ဒီလောက်မျောက်ရှုံးအောင်ဆော့တဲ့ သားလေးယောက်ကို တစ်ချက်မဆူဘဲ ရန်ကုန်မြို့အနှံ့လိုက်ပို့ပေးတဲ့အဖေလည်းကွယ်လွန်ခဲ့တာ၁၆နှစ်ရှိပြီ၊သတိရနေတုန်းပါအဖေ၊ ခုနေများအဖေရှိခဲ့ရင် ယာဉ်ကြောဒီလောက်ပိတ်နေတဲ့ရန်ကုန်မှာ ကျွန်တော်တို့ကိုဘယ်လို လိုက်ပို့မလဲဆိုတာ သိချင်လိုက်တာ။
ကျွန်တော့်အထင်
 သားတို့ရေ ကားစီးမယ့်အစား၊လမ်းလျှောက်သွားကြတာပေါ့  လို့
ပြောမှာသေချာပါတယ်…

သော်ဇင်အုန်း
၃.၁၀.၁၉၉၉မှာကွယ်လွန်သွားတဲ့ချစ်ဖေဖေဦးတင်အုန်းကိုသတိရလျက်

ထ/၂၀၀၈

ထ/၂၀၀၈

အက်ဆေးဖတ်ချင်တယ်ဆိုလို့
ဒီလထုတ်လေးတင်ပေးလိုက်ပါတယ်

ထ/၂ဝဝ၈
သော်ဇင်အုန်း
သူတို့လင်မယားနှစ်ယောက်နဲ့ သားလေးဟာ ကျွန်တော့်ကို နှမြောတသစွာကြည့်ရင်း ကျန်နေခဲ့ပါတယ်။ ကျွန်တော်နဲ့ ဓာတ်ပုံတွဲ ရိုက်။ ကျွန်တော့်အပေါ်မှာ ဆော့ကစား။ အတူနေခဲ့တဲ့ ကျွန်တော့်ကို ချစ်တဲ့ကောင်းလေးကတော့ လက်ကလေးပြလို့ ...
အနှစ်နှစ်ဆယ်ကျော်ပြီဆိုတော့ ဂျပန်ကို ကျွန်တော်မေ့တေ့တေ့။ ပြန်အစဖော်ကြည့်တော့ သင်္ဘောပေါ်ကနေ ရန်ကုန်ဆိပ်ကမ်း ခြေချခဲ့တာလည်း ခပ်ရေးရေး။ ပထမဆုံးရောက်ခဲ့တာက ရန်ကုန်မြို့တစ်နေရာက ဘော်ဒီရုံပေါ့။ သင်္ဘောပေါ်က တင်တာ၊ ချတာမှာ နည်းနည်းပါးပါး ထိခိုက်မိတော့ ကျွန်တော့်ကို ပတ်တီးနည်းနည်းရိုက်ပြီး ဆေးပြန်မှုတ်ကြတာပါ။
''ဒါ ကျုပ်ကိုယ်တိုင်သွင်းလာတာလေ။sunny က စီရာရင်အရမ်းပေါ့တယ်။ မောင်းလို့ကောင်းတယ်ဗျ''
ပထမဆုံးပိုင်ရှင် သင်္ဘောကပ္ပတိန်က ဂုဏ်ယူဝံြ့
မှောင်မဲမဲဂိုဒေါင်ထဲကို အလင်းရောင်အကြည့်ဝင်လာတော့ မျက်စိတွေကျိန်းစပ်သွားတယ်။
''မနေ့က အစ်ကိုဖုန်းဆက်လို့လာတာ။ ဒီတစ်ခေါက်ပြန်လာရင် ကားချိန်းမှာမိှု့ကညညပ ကို ထုတ်ခိုင်းလို့ လာကြည့်တာ''
ကားပွဲစားတစ်ယောက်ရဲ့ စကားသံနဲ့အတူ ပိုင်ရှင်မိန်းမကိုပါ တွေ့လိုက်ရတယ်။
''အစ်မကတော့ ဘာမှမသိဘူး။ မင်းအစ်ကိုပြောခဲ့တဲ့အတိုင်းပေါ့။ ကားကတော့ မြင်တဲ့အတိုင်း မင်းအစ်ကို သင်္ဘောတက် သွားကတည်းက ဒီအတိုင်း ဂိုဒေါင်ထဲမှာထားတာ''
သိလိုက်ပြီ။ ကျွန်တော့်ကိုရောင်းကြတော့မယ်။ မသွားချင်ဘူး။ မသွားချင်ဘူး။ ဒီမှာပဲနေပါရစေ။ ကျွန်တော့်အသံကို ဘယ်သူမှ မကြားကြဘူးဗျာ ...။
နောက်ပိုင်ရှင်ကတော့ ခိုင်းသလားမမေးနဲ့။ သူ့လက်ထဲမှာ ဘော်ဒီရုံနှစ်ခါရောက်တယ်။ ကျွန်တော့်ခန္ဓာကိုယ်အနှံ့လည်း ခွဲစိတ်ရာတွေချည်း။ ဂျပန်ကပါလာတဲ့ ကျွန်တော့်ကိုယ်ပိုင်ချက်စီ နံပါတ်လေးတောင်မှRTA အထုထံလိုက်ရပြီ။
ခိုင်းလို့ဝတော့ ကျွန်တော့်ကိုရောင်းပြန်ပါတယ်။ ဒီတစ်ခါတော့ တော်တော်သက်သာပါတယ်။ ပိုင်ရှင်က ၇ ရက်တစ်ခါ ဆီသွားထုတ်ပြီး ပြန်ရောင်းတဲ့အလုပ်ပဲလုပ်တယ်။ အရင်ပိုင်ရှင်လက်ထဲမှာ မနားတမ်းသွားနေရတဲ့ ကျွန်တော်ဟာ ခုတော့ ဇိမ်ကို ကျလို့။
''တစ်ခါတည်း စရံချလိုက်၊ နောက်နေ့မှ ငွေချေပေါ့။ တော်ကြာ သူများဦးသွားမယ်''
ပွဲစားနှစ်ယောက်နဲ့ လင်မယားနှစ်ယောက် ကျွန်တော့်ကို လိုက်ကြည့်နေတာ။ လူလတ်ပိုင်း လင်မယားကတော့ စိတ်ခိုင်မာပုံ ရတယ်။ တခြားလူတွေလိုမဟုတ်ဘူး။ ကြည့်တယ်၊ စဉ်းစားနေတယ်။ လင်မယားနှစ်ယောက် ခဏတိုင်ပင်တယ်။ နောက် တစ်ထိုင်တည်းပဲ ဝယ်လိုက်ကြတယ်။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးပိုင်ရှင်ဆီကို ရောက်ခဲ့တယ်။ အဲဒီမှာ ပျော်စရာအကောင်းဆုံး ဘဝကိုရရှိခဲ့ပါတယ်။ မနက် မိုးလင်းရင် ပိုင်ရှင်နဲ့ သူ့သားလေးက ကျွန်တော့်ကို အမြဲရေချိုးပေး။ သန့်ရှင်းရေးလုပ်၊ အရမ်းဂရုစိုက်ကြတယ်။ ကျွန်တော့်ဘဝ ရဲ့ အပျော်ဆုံးအချိန်ကတော့ ပိုင်ရှင်ရဲ့ သားကလေးနဲ့ ကျွန်တော်ဆော့ကစားရတဲ့အချိန်လေးတွေပါပဲ။ ကလေးတစ်ယောက်ရဲ့ ဖြူစင် လွတ်လပ်တဲ့ပျော်ရွှင်မှု၊ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ ထာဝရမေ့မရတော့တဲ့ လူသားစစ်စစ်ရဲ့ အနမ်းတွေရရှိခဲ့တာ သေ ပျော်ပါပြီ။
''ငါတို့က ပါမစ်ရလည်း သွင်းမှမသွင်းနိုင်တာ။ ရောင်းပြီးတော့မှ တခြားဟာစဉ်းစားကြတာပေါ့ကွာ''
ပိုင်ရှင်က သူ့ဇနီးကို စကားတွေတတွတ်တွတ်ပြောလို့ ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ သားငယ်လေးက ထိုင်ငေးလို့။ ဖြစ်ပြီးရင် ပျက်ရတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ ဂျပန်ကထွက်လာပြီးကတည်းက ပိုင်ရှင်အမျိုးမျိုးပြောင်းလာတဲ့ ကျွန်တော်ဟာ နောက်ဆုံးအချိန်မှာ အကြင်နာ၊ မေတ္တာအပြည့် မိသားစုဆီမှာ နေခဲ့ရလို့ပါပဲ။
ဒီတစ်ခါတော့ နောက်ပိုင်ရှင်လက်ထဲမှာလဲ နေစရာမရှိတော့ပါဘူး။ ကျွန်တော့်ဘဝက အရည်ကြိုအဖြစ် ဇာတ်သိမ်းရတော့မှာ ပါ။ ဝယ်ရောင်းသံသရာကြီးထဲက ကျွန်တော်ထာဝရထွက်ခွာသွားခဲ့ပြီပေါ့။ အားလုံးပြီးဆုံးသွားခဲ့ပြီလေ။
အခုချိန်ဆို ဂျပန်မှာ ချယ်ရီတွေပွင့်နေလောက်ပြီပေါ့ ...။

Saturday, December 15, 2012

ကွမ်းရွက်၊ထုံး၊ကွမ်းသီး နဲ့ထည့်ချင်ရာထပ်ထည့်လိုက်ပါ ကွမ်းယာ

အရေမရ အဖတ်မရပါပဲ- ၀ါးပြီးထွေးထုတ် ပစ်လိုက်ရတာပါပဲ၊ ဒါပေမယ့် စားနေတယ်၊စားနေတယ်။ကွမ်းယာဆိုင်တွေ နေရာအနှံ့…မြန်မာနိုင်ငံ အနှံ့……… ရေကြီးလို့ကွမ်းခြံတွေ ရေမြှုပ်ကုန်လို့၊ကွမ်းတွေပိုးကျလို့၊ကွမ်းသီးဈေးတက်လို့..စသည်ဖြင့်၊ ကွမ်းယာ ဈေးတက်လဲ ကွမ်းယာဆိုင်တွေ ပိုများလာလေပဲ။လောလောဆယ် လုပ်စရာမရှိရင် ကွမ်းယာဘန်းလေး တစ်ခုတည်ပြီး လျှောက်ရောင်းရင်စားဖို့တော့ ရမှာ…စသည်ဖြင့်…. ဘယ်အချိန်ကစလို့ ကွမ်းစားခဲ့ကြသလဲဆိုတာတော့ ကျွန်တော်သေသေချာချာ မသိဘူး။ကျွန်တော်မမွေးခင် ကတည်းကစားနေကြတာ သေချာပါတယ်။ကျွန်တော်ကတော့ အိမ်မှာငယ်ငယ်ကတည်းက အဖေ့ကြေး ကွမ်းအစ်ကြီးနဲ့စတွေ့ခဲ့တာပါ။အဖိုးကလည်း ကွမ်းစားတယ်၊အဖေကလည်းကွမ်းစားတယ်၊ကျွန်တော်လဲ ကွမ်းစားတယ်။အဖိုးနဲ့အဖေတို့တုန်းကတော့ကွမ်း/ကွမ်းသီး/ဗမာဆေးရွက်ကြီး/ထုံး(တချို့ကတော့ရှားစေးပါတယ်)ဒါပါပဲ။ကျွန်တော်တို့ခေတ်ကျတော့ များလိုက်တဲ့ အိန္ဒိယဆေးမွှေးတွေ…..နိုင်တီးတူး၊စစ်ကနယ်၊ဘုရင်မ၊ ဆာဂါ၊ဟမ်ဒရက်၊နှပ်ဆေး၊ဆေးပေါင်း……….စသည်ဖြင့်ပေါ့။ ခု…..ကြားနေရပြန်ပြီ…“မင်းတို့ကောင်တွေက ၊တော်တော်ပိန်းတဲ့ကောင်တွေ..ဘာဆေးမွှေးလဲ၊ဘာတံဆိပ်လဲ ဘာအမျိုးအစားကိုလိုချင်လဲ၊ငတုံးတွေ ၊မင်းတို့စားနေတာ အတုတွေကွ၊လာစမ်းပါ၊လိုချင်တဲ့တံဆိပ်ရမယ်၊ငါ တို့ရပ်ကွက်ထဲကထွက်တာ”တဲ့။ ရှုပ်နေတာ၊ရှုပ်နေတာ ကွမ်းယာ ကိစ္စ။ ငယ်ငယ်က၊ စာအုပ်ထဲမှာဖတ်ဖူးတာက “တံတားဦးက ကွမ်းနုဝါ ငမြာကဆေး ကိုင်းထုံးဖြူ ပြည်ရှား သာဝါးလို့ ထွေး” တဲ့။ ဟိုးရှေးရှေးတုန်းက ဘုရင်ကြီးတစ်ပါးဟာ နန်းတော်တိုင်တွေမှာ ထုံးတွေပေနေတာတွေ့တော့ စည်းကမ်းတစ်ခု သတ်မှတ်တယ်၊ဘယ်သူဖြစ်ဖြစ်၊နန်းတော်တိုင်မှာ ထုံးတွေကပ်သုတ်ရင် “လက်ညှိုးဖြတ်စေ”တဲ့။တစ်နေ့မှာ ဘုရင်ကြီးဟာ ယောင်ပြီး နန်းတော်တိုင်မှာ လက်ကထုံးကို သုတ်မိခဲ့တယ်။မူးကြီးမတ်ရာသေနာ ပတိတွေကတော့ ဘာမှ မပြောရဲကြဘူး။နည်းနည်းလေး လွတ်သွားတဲ့ သတိကို ဘုရင်ကြီးက သိတော်မူခဲ့တယ်။ “ငါ သုတ်လိုက်မိပြီ၊ငါဘာလုပ်ရမလဲ” ဘုရင်ကြီးဟာ ကြာကြာမစဉ်းစားပါဘူး၊လက်သုံးတော် သံလျက်နဲ့ သူ့ရဲ့ လက်ညှိုးကိုဖြတ်လိုက်တော်မူသတဲ့။ ဒီ ရာဇ၀င်လေးကို ဖတ်မိတော့ “သြော်ဒီလို ဘုရင်လဲ ရှိပါလား”လို့လေးစားချီးကျူးမိတယ်ဗျ။ ဒါ….ကွမ်းနဲ့ပတ်သက်တဲ့ ရာဇ၀င်ပါ။ “ ကွန်းမန်း/ထုံးမန်း တွေစွမ်းလိုက်တာ၊ဓါးခုတ်ရင် ဓါးကျိုး၊လှံထိုးရင် လှံခွေ ဒါတွေကို မင်းတို့ကရယ်ကြမှာ သေနတ်ပြီးတယ်၊ကျည်လုံးဝကိုမထွက်တာ၊ထိုးလိုက်/ခုတ်လိုက်လို့သွေးထွက်လာရင် လက်နဲ့သပ်ချလိုက် ထွက်နေတဲ့သွေးတွေ ချက်ချင်းတိတ်သွားတယ်ကွ” တဲ့။ ပေါင်မှာ ထိုးကွင်းတွေ အပြည့်နဲ့ဘကြီးတစ်ယောက်ပြောခဲ့တာ ခုထိ မှတ်မိနေတယ်။(ခု ခေတ်စားနေတဲ့ တက်တူးတွေကို ရယ်နိုင်တဲ့ မြန်မာ့ ရိုးရာ ထိုးကွင်းဗျ၊ ကွမ်းသီးကို ပါးစောင်မှာ ခဲထားရင်း စုတ်ချက်ထိုးလို့နာတာကို ဗမာ့သတ္တိ အပြည့် နဲ့ အထိုးခံတဲ့ ရှေးမြန်မာ ကြီးတွေ) ဗျတ်ဝိကိုသတ်လို့မရလို့ သူ့ချစ်သူ မအိုစာက“ကွမ်းတစ်ယာ၊ရေတစ်မှုတ်နဲ့”အားလျှော့ခိုင်းမှသတ်လို့ရတာ တွေ၊ ကွမ်းစားရင် ဖြစ်တတ်တဲ့ကင်ဆာရောဂါတွေ၊ “ကွမ်းမစားရ၊ကွမ်းစားနေသူများ မ၀င်ရ”တွေ၊ တစ်ခါတုန်းက နိုင်ငံကျော်အဆိုတော် လေးဖြူတစ်ယောက် ဂျပန်နိုင်ငံမှာကျင်းပတဲ့ ဂီတပွဲတော်တစ်ခုကို သွားရောက်ဖျော်ဖြေခဲ့ဘူးတယ်။ကိုယ်ပိုင်သံစဉ်သီချင်းတွေကို သီဆိုရတဲ့ပွဲဆိုတော့ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်ထူးအိမ်သင်ရဲ့ “ရာဇ၀င်များရဲ့သတို့သမီး”ကိုဆိုခဲ့တယ်တဲ့။သူဟိုမှာနေတဲ့အခိုက် အခက်အခဲတချို့ ပြောပြပါဆိုတော့(အင်တာဗျူးမှာ)“ကွမ်းမစားရတာနေရခက်တယ်” တဲ့၊ သူငယ်ချင်းတစ်ယောက်ကတော့ဒီလိုပြောတယ်“ဘယ်ကလာလာ သီရီမင်္ဂလာဈေးမှာဂိတ်ဆုံးတာ”တဲ့……… (သော်ဇင်အုန်း)

Monday, November 5, 2012

စွန့်လွှတ်ခဲ့ရတဲ့အလုပ်ကလေးတစ်ခု

ကျွန်တော် ၄တန်းကျောင်းသားဘ၀က အဖြစ်အပျက်လေးပါ- ကျွန်တော်တို့အိမ်ရဲ့မျက်စောင်းထိုးမှာအဖေ့သူငယ်ချင်းအိမ်ရှိပါတယ်။သူတို့အိမ်မှာမိသားစုတနိုင်ဇီးထုပ်လုပ် ငန်းလေးရှိပါတယ်။ကျောင်းပိတ်ရက်တွေမှာကျနော်လည်းသူတို့အိမ်အလည်သွားရင်း ဇီးထုပ်တွေကို ကူထုပ် ပေးခဲ့ပါတယ်။တနေ့အဖေ့သူငယ်ချင်းက - “သား ဇီးထုပ်တွေကိုကျောင်းမှာယူရောင်းပါလား သားမုန့်ဖိုးရတာပေါ့၊ဦးကရောင်းရတဲ့အပေါ်မူတည်ပြီးသားကိုမုန်ကိုမုန့်ဖိုးပေးမယ်လေ” လို့ပြောပါတယ်။ ကျွန်တော်လဲသူပြောတာလက်ခံပြီး အတန်းထဲမှာ ဇီးထုပ်တွေရောင်းပါတယ်။ “ဇီးထုပ်က ဆေးသကြားမပါတော့စားလို့ကောင်းပါတယ်”လို့ဆရာမတွေကပြောပါတယ်။ ကျွန်တော့်ဇီးထုပ်တွေကို ၃တန်း၊၂တန်း၊၁တန်း၊သူငယ်တန်းတွေကလဲဝယ်စားခဲ့ကြပါတယ်။ ဇီးထုပ်ရောင်းကောင်းတော့ ကျနော်လဲမုန့်ဖိုးများများရတာပေါ့။ဒီလိုနဲ့ တစ်လလောက်ကြာတဲ့နေ့တနေ့မှာ အတန်းပိုင်ဆရာမကကျွန်တော်ကိုပြောပါတယ်။ပြောနေတုန်းဆ၇ာမမျက်နှာကစိတ်မကောင်းဖြစ်နေပုံပါ။ သူပြောတာအများကြီးပါ-ဆိုလိုရင်းကတော့ “ကျောင်းမှာဈေးရောင်းဖို့ ကျောင်းဈေးတန်းကဈေးသည်တွေကိုပဲခွင့်ပြုထားတာ၊ သူတို့ကလွဲပြီးဘယ်သူမှကျောင်းမှာဈေးရောင်းခွင့်မရှိဘူး”ဆိုတာပါပဲ။ ကျွန်တော်လဲစိတ်မကောင်းစွာနဲ့ပဲ ဇီးထုပ်ရောင်းတဲ့အလုပ်ကိုစွန့်လွှတ်ခဲ့ရပါတယ်။ ။ (သော်ဇင်အုန်း)

စစ်အကြောင်းရုပ်ရှင်

လွန်ခဲ့တဲ့၂၅နှစ်ကျော်………. မြန်မာ့ရုပ်မြင်သံကြားကထုတ်လွှင့်တဲ့ရုပ်ရှင်ကားလေးတစ်ကားကြည့်ခဲ့ရဘူးတယ်။ အဲဒီအချိန်ရုပ်မြင်သံကြားစက်ပိုင်ဖို့ဆိုတာ တော်တော်လေးငွေကြေးပြည့်စုံမှ ၊ကျွန်တော်တို့ တမြို့လုံးမှာ လက်ချိုးရေတွက်လို့ရတယ်။စနေ/တနင်္ဂနွေနေ့တွေမှာရုပ်ရှင်ကားတွေလာတတ်တယ်။ကျောင်းပိတ်ရက် အမေ့ဆီကမုန့်ဖိုးတောင်းပြီး သူငယ်ချင်းတွေနဲ့အတူ တီဗီကြည့်ဖို့ဘူတာနားကပိုက်ဆံငါးမူးပေးကြည့်ရတဲ့ တီဗီရုံဆီသွားကြတာ…. အဲဒီနေ့ကြည့်ရတာက ရုရှ ရုပ်ရျင်ကားပါ။အင်္ဂလိပ်လိုစာတန်းထိုးလေးနဲ့ ဇာတ်လမ်းအစမှာ--အဘွားအိုတစ်ယောက်ရွာအ၀င်လမ်းမမှာ သူ့သားရဲ့အိမ်အပြန်ကိုမျှော်နေတဲ့အခန်းနဲ့ စပါတယ်။နောက်ဇာတ်လမ်းပြောသူ(သူ့သားရဲ့ဒိုင်ယာရီစာအုပ်လေး)ကသူ့ရဲ့သားစစ်ပွဲတစ်ပွဲမှာ ရန်သူတွေ နဲ့ရင်ဆိုင်တိုက်ကြရင်းရန်သူ့တင့်ကားတစ်စီးကိုရဲရဲဝန့်ဝန့်သတ္တိရှိစွာ ဖျက်ဆီးအနိုင်ယူခဲ့ပုံတွေနဲ့အတူခွင့် ရက်ရှည်ရလို့မိခင်ထံခဏပြန်လာပုံတွေပြပါတယ်။ (စစ်သားလေးဟာတကယ်တော့စစ်တိုက်ချင်လို့စစ်သားဖြစ်ခဲ့တာမဟုတ်ပါဘူး၊အမိရုရှပြည်ကြီးကို ကျူးကျော်လာသူတွေရဲ့ရန်ကတွန်းလှန်ဖို့စစ်ထဲဝင်ခဲ့သူတစ်ဦးပါ) စစ်သားလေးဟာမီးရထားစီးလို့အမေ့မျက်နှာကိုမြင်ယောင်ရင်းပျော်လို့-ရွာထိပ်မှာအမေမျှော်နေမှာကို မြင်ယောင်လို့ပေါ့- ခဏလေးပါပဲစစ်သားလေးစီးလာတဲ့မီးရထားဟာရန်သူ့လေယာဉ်ပျံတွေရဲ့ဗုံးတွေအောက်မှာတိမ်းမှောက်ခဲ့ရပါတယ်။မြင်မကောင်းအောင်အလောင်းတွေဒဏ်ရာရသူတွေနဲ့စစ်မြေပြင်ကပြန်လာတဲ့စစ်သားလေးဟာစစ်မြေ ပြင်တစ်ခုကိုထပ်မံရင်ဆိုင်ရပြန်ပါပြီ။ပြန်ခုခံ/ပြန်ပစ်လို့မရ လှိမ့်ခံနေကြရတဲ့စစ်ဘေးဒုက္ခသည်တွေကို သူတတ်နိုင်သမျှကူညီပါတယ်။အမေမျှော်နေမှာသိတော့ ရရာကားကြုံနဲ့ရွာဆီသွားခဲ့ပါတယ်။ဒါပေမယ့် နေရာတိုင်းမှာဒဏ်ရာရသူတွေ ပြည့်လို့….. သူတတ်နိုင်သမျှပြုစု ကူညီ ရင်းးးးးးးးးးးးး သူ့ခွင့်ရက်စေ့သွားပါတော့တယ်….. သူလဲအမေ့ဆီမရောက်တော့ပဲ စစ်မြေပြင်ကိုပြန်လာခဲ့ရပါတော့တယ်။ တိုက်ပွဲတစ်ပွဲမှာသူ ကျဆုံးသွားခဲ့ပါတယ် ဒီလိုနဲ့စစ်ကြီးလဲပြီးဆုံးသွားခဲ့ပါပြီ အဘွားအိုတစ်ယောက်ကတော့ ရွာအ၀င်လမ်းမမှာ စစ်ကြီးပြီးလို့ပြန်လာမယ့်သူ့ရဲ့သားလေးကို နေ့တိုင်းမျှော်နေရင်းးးးးးးးးး ဇာတ်ကားပြီးဆုံးသွားပါတော့တယ်။ .။ (သော်ဇင်အုန်း)

သစ်သီးတွေစားတဲ့နတ်သားလေးတွေ

အသက်ကြီးလာတော့(၄၂ ပါ) ငယ်ဘ၀တွေကိုလွမ်းမိတယ်။ “အကိုက သမိုင်းတွေပဲပြန်ပြန်လှန်နေတာ၊တစ်ခါလာလဲ အကိုတို့တုန်းကဘယ်လို /ဘယ်လို မပြောနဲ့တော့ အတိတ်တွေ သမိုင်းတွေလာမလှန်နဲ့”တဲ့ ကြားလိုက်ရတဲ့ အသံလေးကရင်ကိုနင့်စေပါတယ်။ ကျွန်တော်ကလဲ မလှမပ ဖြတ်သန်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ အတိတ်ကိုဂုဏ်ယူဝံ့ကြွားစွာပြောပြနေတာတော့မဟုတ်ပါဘူး ဒီလိုဖြတ်သန်းခဲ့ကြတယ် ညီတို့ဒီအရွယ်မှာ အကိုတို့ဒီလိုနေခဲ့ရတယ် ဒီလိုထပ်ပြီးမနေစေချင်ဘူး တစ်စုံတစ်ရာ အကျိုးလေးရစေချင်လို့ ပြောပြနေတာပါ……လို့ စကားနဲ ရန်စဲ စကားစကိုဖြတ်လိုက်ပါတယ်…… ထားတော့…… တက်ကြွတဲ့လူငယ်နဲ့ ဘယ်သူမှရင်ဆိုင်လို့ မရဘူးဆိုတာ သိပါ့။ ဘာလို့သိလဲ ဆိုတော့ ကျွန်တော်လဲ ဒီ…. လို…. အသက်ကြီးလာတာ မို့ ပါ….. ထားတော့ဗျာ ဒီနေ့ဟာ အဖိတ်နေ့ သီလရှင်တွေဆွမ်းဆန်အလှုခံထွက်တဲ့နေ့ ကျွန်တော့်သား ၇နှစ်သားကို မေးကြည့်မိတယ် “သား ၊သိလားး သီတင်းကျွတ်ဆိုတာ လေ”ဆိုတော့ “သီတယ်ဖေဖေ၊ ဘုရားကနတ်ပြည်က နေ လူ့ပြည်ပြန်ဆင်းလာတာနော်”တဲ့ ဟုတ်ပါပြီ၊နတ်ပြည်ကိုသူဘာသွားလုပ်တာလဲ ….လို့မေးတော့ “သူ့အမေ၊ကိုကျေးဇူးဆပ်ဖို့ တရားသွားဟောပြီး ခုလိုနေ့မှာ ပြန်လာတာပေါ့လို့ ဆရာမကသားတို့ကိုပြောတယ်” တဲ့ ဟုတ်ကဲ့ မနက်ဖြန် “သီတင်းကျွတ်လပြည့်”ပါ ဒီနေ့က မြန်မာလူမျိုးတွေအခေါ်အရအဖိတ်နေ့ပေါ့ လွမ်းမိတယ်…..ဗျာ ဟိုးးးးးးးးး လွန်ခဲ့တဲ့ အနှစ် သုံးဆယ်ကျော်က ငယ်ဘ၀ ဆော့မယ် စားမယ် ဆိုတဲ့ ငယ်ဘ၀လေးကို………………………. ဟဲ့ …..ဖြေးဖြေးစားစမ်းပါ ဘုရားကထွက်မပြေးပါဘူးဟယ် အမေဘယ်လိုပြောပြော ပန်းကန်ထဲက ထမင်းဟင်းတွေကို ပါးစပ်ထဲ အတင်းထိုးသပ်လို့ မျက်နှာကလဲအိမ်ရှေ့လမ်းမကိုကြည့်နေတာ ဟိုကောင်တွေလာတော့မှာ မြန်မြန်စားမှ….စိတ်က လမ်းမပေါ်မှာ။။ ထမင်းတစ်ပန်းကန်ဘယ်လိုကုန်သွားလိုက်လဲ မသိဘူး ပုဆိုးနဲ့ လက်သုတ်လို့ အိမ်ရှေ့လမ်းမပေါ် ပြေးထွက်လိုက်တယ်….နောက်မှာတော့“ဟဲ့…ကောင်လေး…ဖြေးဖြေး….”လို့အမေကအော်ပြောနေသံတော့ ကြားသလိုလို ….. လမ်းမပေါ်ရောက်တော့ ဟိုကောင်တွေကအဆင်သင့် “မင်းကကြာလိုက်တာ”လို့တောင်အပြစ်တင်ကြသေးတယ်။ ဘုရားရင်ပြင်တော်ပေါ်ရောက်တော့ ရုပ်ရှင်တောင်ပြနေပြီ ကျနော်တို့တွေကရုပ်ရှင်မကြည့်ပါဘူး ခုမှဆော့ရတာ ရင်ပြင်တော်တစ်ခုလုံး ကျွန်တော်တို့အသံတွေဆူညံလို့….. ချွေးတွေကရေတွေလို ကျွန်တော်တို့ ကိုယ်လုံးတွေပေါ်မှာရွှဲလို့…. ပျော်လိုက်တာ ဆော့နေကြရင်း….. ရုပ်ရှင်ပြတာရပ်သွားပြီး “ဆွမ်းတော်ပွဲအလှုခံထွက်ရန် ရင်ပြင်တော်ပေါ်မှာ စနစ်တကျ တန်းစီနေရာယူကြပါ” လို့အသံကြားလိုက်ရတယ် “တော်ပြီဟေ့ ဟိုမှာ ခေါ်နေပြီ”လို့တစ်ယောက်ကပြောမှ ကစားတာရပ်လိုက်ကြပြီး အပြေးအလွှား ရင်ပြင်တော်ဆီသွားကြတယ်။ “ဟေ့..ကလေးတွေ ငြိမ်ငြိမ်နေကြစမ်း ရော့ ဒီမီးပုံးတွေကိုကိုင်ထား မပျက်စေနဲ့နော် နောက်နှစ်ပြန်သုံးရမှာ” ဘုရားလူကြီးတွေလိုက်ပေးတဲ့ မီးပုံးတွေကိုကိုင်ရင်း ကျွန်တော်တို့တန်းစီနေကြတယ် စည်တော်သံတွေတော့စပြီးကြားနေရပြီ ရှေ့ကလူတန်းကြီးရွေ့တော့နောက်က လူတွေလဲလိုက်ရွေ့ကြတာပေါ့ “ဟေ့…..ဒီမှာ အားလုံးနားထောင်ကြ” ပွစိပွစီရေရွတ်နေတဲ့အသံတွေဟာ မီးကိုရေနဲ့ညိမ်းလိုက်သလို ပေါ့။ “ရှေ့ကနေတိုင်ပေးမယ် မင်းတို့ကနောက်ကလိုက်ဆို……” သူကနှစ်ခါ သုံးခါလောက်စိတ်ကြေနပ်အောင်သင်ပေးပြီးတော့မှ ကျွန်တော်တို့ လူတန်းကြီးဟာ စည်တော်သံနဲ့စ၍ ရွေ့ပါတော့တယ် လှလိုက်တာဗျာ လရောင်အောက်မှာ မီးပုံးတွေက လင်းလက်ညီညာ တန်းစီပြီးရွေ့နေတဲ့မြင်ကွင်းဟာ ခုထိမျက်စိထဲက မထွက်ဘူးဗျာ လှလိုက်တာ ညဟာ မီးပုံးတွေရဲ့အလင်းရောင်ထဲမှာလှလိုက်တာ စည်တော်ကရွမ်းလို့ စည်တော်သံညံနေတဲ့နံနက်လင်းအားကြီးထဲမှာ မီးပုံးတွေတန်းစီလို့ “ဒေ၀ ဒေ၀ါ ဒေ၀ါ ပြောင်ဆင်းမောင်နတ်မင်းတို့ သင်တို့ ကျွန်ုပ်တို့သည် ဒီပါရုံစေတီတော်မြတ်ကြီးအတွက် ဆွမ်တော်းကြီးခံလှည့်လည်လာသည် မဟုတ်ပါလား ဟုတ်ပေ ဗျို့” ရှေ့ကတိုင်လိုက် နောက်ကလိုက်ဆိုလိုက် တစ်မြို့လုံးလှည့်နေတာတာ တစ်ညလုံးမအိပ်ရတဲ့ မျက်လုံးတွေကလဲကျယ်လို့ ခြေထောက်တွေကလဲ မညောင်း ဆွမ်းတော်ပွဲအတွက်အလှုခံထွက်လာတဲ့ မီးပုံးကိုင် နတ်သားတွေ ပေါ့ တစ်မြို့လုံး လှည့်လည် ဆွမ်းတော်ခံပြီးတဲ့နောက် နံနက်ငါးနာရီလောက်ဘုရားရင်ပြင်တော်ပေါ်ပြန်ရောက်ခဲ့ပါတယ် ဘုရားဂေါပကလူကြီးတွေကတရိုတသေဆွမ်းတော်ပွဲတွေကပ်လှုကြပါတယ် တစ်မြို့လုံးလှည့်လာတဲ့နတ်သားလေးတွေကတော့ရင်ပြင်တော်ပေါ်မှာပိုးလိုးပက်လက် ခြေပစ် လက်ပစ်ပေါ့ အလင်းရောင်က လပြည့်နေ့ပေါ်ကိုအပြည့်အ၀ ကျေ၇ာက်လာတဲ့အခါ ဆွမ်းတော်ပွဲတွေကိုစွန့်ကြပါတယ် “ဟေ့ …ကလေးတွေတန်းစီကြ ထိုင်နေကြနော် မလုရဘူး ကြားလား” နတ်သားလေးတွေထိုင်နေကြတယ် နတ်သားလေးတွေရဲ့ ပုဆိုးစဖြန့်ထားတဲ့အထဲကို မာလကာသီးတွေ ဌက်ပျောသီးတွေ ကောက်ညှင်းပေါင်းထုပ်တွေ စသည်ဖြင့်ပေါ့ တစ်ခါလှည့် နှစ်ခါလှည့် သုံးခါမြောက်တော့ တစ်ပတ်မပြည့်တော့ဘူး နတ်သားလေးတွေ ဟာသစ်သီးတွေကိုစားသုံးနေရင်း ဓမ္မာရုံထဲကို သွားချောင်းကြည့်တော့ ကိတ်မုန့်တွေ ကိတ်မုန့်တွေ……………့  (ကောင်းလင်းဇော်) ၂၉.၁၀.၂၀၁၂