Friday, October 2, 2015

ရုပ်ရှင်နိုင်ငံတော်

ရုပ်ရှင်နိုင်ငံတော်
အမြဲတမ်း 
 ထမင်းဆီဆမ်းတောင်
 ဝဝလင်လင်မစားရဘဲ
 နိုင်ငံခြားဇာတ်လမ်းတွေကို
 တစ်ညမပြတ်ကြည့်နေကြ
 မနက်နှစ်လုံး ညနှစ်လုံး နဲ
့ ဘာတစ်လုံးကောင်းသတုံး
 လောင်းကစားတွေပျော်ရွှင်
 ရပ်ကွက်ထဲမှာ 
 အရက်ဟာ
 မိတ်ဆွေသူငယ်ချင်းသွေးသောက်ညီအကို 
 ဒါနဲ့ပဲ ဖောပြီးရှောသွားကြ 
 ဘောလုံးကလဲ 
ကမ္ဘာမှာငါတို့လောက်သိတာမရှိဘူး
 ညညနေ့နေ့အိပ်ရေးပျက်ကြ
 အာဏာရှင်ကတော့
 ခုထိမသေသေးဘူး 
 အနာဂတ်တွေကတော့ 
တစ်ယောက်ပြီးတစ်ယောက် 
 ပျောက်သွားကြတယ်
သော်ဇင်အုန့်း 

ကျင်စက်မလိုဘူး

ကျင်စက်မလိုဘူး
သူကလူဆိုးဖမ်းဖို့မဟုတ်ဘုး 
 သူကလူကောင်းရှာဖို့လဲမဟုတ်ဘူး
 သူကဘယ်တော့မှ
လူအချင်းချင်း သတ်ဖြတ်ချင်းကိုမလိုလားဘူး 
 သူကသတ္တဝါတွေကိုတောင်မှ 
သူ့သဘာဝအတိုင်းလွတ်လပ်စေချင်တာ 
 သူချစ်တာ
 သဘာဝတရားကိုပါ
 သူ့အတွက်တော့ 
 ခင်ဗျားတို့ထပ်မံတီထွင်စရာမလို 
 သူ့နာမည်ကိုက ကဗျာဆရာ

လွမ်းတယ်၊ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေးရယ်

လွမ်းတယ်၊ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေးရယ်

ဗျောက်အိုးဖောက်သံများကြားနေရပြီ…
လမ်းမတွေပေါ်မှာကလေးငယ်တွေပျော်ရွှင်လို့၊သတင်းကျွတ်တော့မယ့်ရနံ့ကိုကျနော်တို့စတင်ရနေပါပြီ၊ မီးပုံးလေးတွေစတင်ရောင်းချနေကြပြီ၊တရုတ်နိုင်ငံကထုတ်တဲ့လျှပ်စစ်မီးရောင်စုံမီးတန်းတွေကဒီဘက်ပိုင်းမှာ ပိုခေတ်စားလာတယ်၊ပလပ်စတစ်အပါးနဲ့လုပ်ထားတဲ့မီးပုံးပျံတွေကလည်းပေါမှပေါ။ဒိုးပတ်၊အိုးစည်ဝိုင်းတွေ ကတော့ရှားပါးလို့၊ရိုးရာဂီတနေရာမှာ ဒီဂျေတွေနေရာယူလို့၊စီဒီနဲ့ဖွင့်ထားတဲ့ဆောင်းဘောက်ကြီးတွေကို ကားပေါ်တင်လို့၊ကလေးငယ်တွေဆော့တဲ့မီးရှုးမီးပန်းတွေကအစ တရုတ်တံဆိပ်နဲ့ဗျ။
ကျနော်တို့ကလေးဘ၀တုန်းကတော့…ဒီလိုဆော့စရာမပေါများဘူး၊ဗောက်အိုးဖောက်ဖို့စမုတ်တံနဲ့သံကို ကြိုးစားပန်းစားလုပ်ရတာ၊သားရေကွင်းနဲ့စမုတ်တံမှာသံချောင်းကိုချည်၊စမုတ်တံခေါင်းထဲမီးခြစ်ဆံကယမ်း မှုန့်လေးတွေထည့်၊သံချောင်းနဲကပိတ်၊ပြီးမှအမာခံတစ်ခုပေါ်ထုချ၊ဗောက်အိုးသံလေးကြားရဖို့အဲ့သလိုကြီုး စားခဲ့ရတာ၊ဗောက်အိုးသံအကျယ်ကြီးကြားချင်တော့ထီးရိုးကိုတစ်လက်မလောက်အပိုင်းလေးတွေပိုင်းပြီး အဲ့ဒီအထဲကိုမီးခြစ်ဆံယမ်းမှုန့်လေးတွေထည့်ပြန်ပိတ်၊စင်လေးတစ်ခုပေါ်မှာတင်ထား၊အောက်ကနေဖရောင်း တိုင်မီးနဲ့မြှိုက်၊ခပ်ဝေးဝေးကနေကြည့်နေ၊ခဏကြာတော့ အုံး ကနဲထပေါက်ကွဲ၊အန္တရယ်တော့အများသား၊ ဒီလိုကြံဖန်ပျော်ခဲ့ကြရတာပေါ့။
ရောင်စုံမီးပုံးလေးတွေကလည်းဈေးကြီးတော့ရွှံ့လေးတွေကိုအပြားလေးတွေလုပ်၊ဗာဒံရွက်ကလေးတွေကို ဘေးကကာလို့အလည်မှာဖရောင်းတိုင်တွေထွန်းကြ၊လူကြီးတွေကဆီမီးခွက်တွေထွန်းလို့၊တစ်ချို့ကတော့ ဆီစိမ်စက္ကူလေးတွေဝယ်ပြီးငှက်ရုပ်လေးတွေလုပ်လို့အလှမီးပုံးတွေထွန်းကြပေါ့။
သတင်းကျွတ်ဟာသာသာယာယာရှိတာများပေမယ့် တစ်ခါတလေမိုးကဖျက်တတ်သေးတယ်၊ဖရောင်းတိုင် တွေကိုအိမ်ခြံစည်းရိုး၊လှေခါး၊ခါးပန်း၊မီးဖို၊ဘုရားစင်တွေမှာထွန်းလို့၊လူကြီးတွေကိုမေးတော့မြတ်စွာဘုရား တာဝတိံသာနတ်ပြည်ကနေလူ့ပြည်ကိုပြန်ဆင်းတဲ့အတွက်မီးပူဇော်တာလို့ပြောကြတယ်။
ကျနော်တို့ငယ်ငယ်ကသီတင်းကျွတ်ဆိုရင် တေးသရုပ်ဖော်တွေခေတ်စားတယ်၊သီချင်းတွေ၊ဇာတ်လမ်းတွေကို ဖွင့်ထားပြီးသရုပ်ဆောင်ကြတာပေါ့၊ရပ်ကွက်တိုင်းမှာစင်တွေထိုးပြီး တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် အပြိုင်အဆိုင် ကကြတာလေ၊ကိုယ့်ပိုက်နဲ့ကိုယ်မင်းသားဖြစ်သူဖြစ်၊မင်းသမီးဖြစ်သူဖြစ်၊သူကြီးဖြစ်သူဖြစ်၊လူကြမ်းဖြစ်သူဖြစ်၊ အဲဒီတုန်းက ငယ်ကျွမ်းဆွေသီချင်းကခေတ်စားလွန်းသပ။
အိမ်မှာမုန့်တွေလုပ်ကြ၊ဒေသထွက်ကောက်ညှင်းဆန်နဲ့လုပ်တဲ့မုန့်တွေကိုဘုရားမှာကပ်၊သံဃာတော်တွေကို လောင်းလှု၊ပြီးရင်အိမ်နီးနားခြင်းတွေကိုဝေလို့ပျော်စရာပေါ့၊မြို့ဦးစေတီတော်မှာ သီတင်းကျွတ်လပြည့်ဆွမ်း တော်ကြီးကပ်လှုဖို့ မနက်အစောကြီးကတည်းက တစ်မြို့လုံးကိုပါတ်ပြီး ဆွမ်းအလှုခံကြတာလည်းပျော်စရာ၊ လှုလိုက်ကြတဲ့ဆွမ်း၊သစ်သီး၊မုန့်တွေကို စေတီတော်မြတ်ကြီးမှာဆွမ်းတော်ကြီးကပ်လှုကြပေါ့။
မြို့မှာရှိတဲ့ဘုန်းတော်ကြီးကျောင်းအသီးသီးကလည်း သူတို့ကျောင်းတွေမှာ ဆွမ်းတော်ကြီးကပ်လှုဖို့ အလှုခံ မဲလိပ်ကလေးတွေလိပ်ပြီးအလှုခံဝကတယ်၊မှတ်မိသေးတယ်ဗျာ၊မဲလိပ်ကလေးတွေမှာရေးထားတာက
သဒ္ဒါမုန့်နဲ့ဖရောင်းတိုင် တဲ့
လွမ်းတယ် ဘယ်တော့မှပြန်မရတဲ့ ငယ်ဘ၀လေး ရယ်
သော်ဇင်အုန်း

ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ပါ

ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ပါ (သော်ဇင်အုန်း)
ကျွန်တော့်ညီလေးတစ်ယောက်နဲ့စကားပြောဖြစ်တယ်
မြို့ပြမှာ နေရတာမွန်းကြပ်လွန်းနေပြီအကို၊နယ်မှာခြံလေးတစ်ခြံဝယ်၊အပင်လေးတွေစိုက်၊စာဖတ်ပြီး လူ့ဘ၀ကို ငြိမ်းငြိမ်းချမ်းချမ်း ကုန်ဆုံးသွားချင်တယ် တဲ့။
သူကနိုင်ငံတကာအတွေ့အတွေ့အကြုံလည်းရှိ၊နိုင်ငံခြားဘာသာစကားနဲ့စာကိုကျွမ်းကျင်စွာ တတ်မြောက်ထားသူ တစ်ယောက်ပါ။လူမှုရေးလုပ်ငန်းတွေကို အမြဲလုပ်နေသူပါ။အလုပ်တွေများတဲ့ကြားက မျြု့ပြရဲ့မွန်းကြပ် မှုတွေဟာသူ့ကိုဒုက္ခပေးနေတာပေါ့။
ဒါကလူတစ်ယောက်ရဲ့ဒုက္ခ
ကမ္ဘာကြီးကိုကြည့်လိုက်တော့လည်း စက္ကန့်မလပ်စစ်ပွဲတွေဖြစ်လို့နေပြန်တယ်၊ကျွန်တော်တို့နေထိုင်ရာ မြန်မာနိုင်ငံမှာလည်ဲး ခုထိအပစ်အခတ်ရပ်စဲဖို့လက်မှတ်မထိုးနိုင်သေးဘူး။ကချင်စစ်ဘေးရှောင် တိုင်းရင်းသား တွေလည်းခုထိအိမ်မပြန်နိုင်ကြသေးဘူး၊ရှမ်း၊ကရင်၊ကယား၊ချင်း၊မွန်၊ရခိုင်တိုင်းရင်းသားတွေ စစ်ပွဲတွေကြား မှာမြေစာပင်တွေပေါ့။
ဘာအကြောင်းကြောင့်ပဲစစ်ပွဲတွေဖြစ်ဖြစ်ဖြစ် နောက်ဆုံးဘ၀တွေ အသက်တွေ ဆုံးရှုးံရတာ အပြစ်မဲ့ပြည်သူတွေပါ၊စစ်ပွဲတွင်းမှာ နှစ်ဖက်စစ်သားတွေထက် ပြည်သူတွေကအဆမြောက်များစွာ သေဆုံးခဲ့ရ တာပါ။ စစ်ပွဲတွေဟာ အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်ရုံတင်မကသေးပါဘူး အနာဂတ်အတွက် မျိုးဆက်သစ်တွေ ကိုပါဖျက်ဆီးပစ်လိုက်ပါတယ်၊ကလေးငယ်တွေ ရုပ်ဒဏ်ရာတွေ၊စိတ်ဒဏ်ရာတွေ အပြည့်နဲ့ ဘ၀တွေကိုရှေ့ဆက်နေကြရပြန်ပါတယ်။ပညာတွေမသင်ခဲ့ရ၊အတတ်ပညာနည်းပါးလို့ သူတို့အနာဂတ်ဟာ မဖြောင့်ဖြူးတော့ပါ။
ဘာကြောင့်ပဲဖြစ်ဖြစ်၊စစ်ပွဲတွေကိုရပ်လိုက်ကြပါ
လူဆိုတာ စစ်တိုက်ဖို့မွေးဖွားလာကြတာမှမဟုတ်တာ။
တိုက်တိုက်ဆိုင်ဆိုင် ကဗျာဆရာကျော်ထူး ရဲ့ ကဗျာလေးတစ်ပိုဒ်ကိုသတိရမိတယ်
လက်ဝှေ့သမားရဲ့
လက်သီးချက်ကို အများဆုံးခံရတာ
သူ့ရဲ့ပြိုင်ဘက်တွေမဟုတ်ဘူး
လက်ဝှေ့အိတ်တွေသာဖြစ်တယ်…..တဲ့
ရင်ထဲကိုရောက်လာတယ်၊အပြစ်မဲ့ပြည်သူတွေရဲ့ဘ၀တွေ

လမ်းလျှောက်သွားကြတာပေါ့

လမ်းလျှောက်သွားကြတာပေါ့

ကြည့်မြင့်တိုင်ဘူတာရောက်တော့ ည၉နာရီလောက်ရှိပြီ။
၁၉၈၂တုန်းကပေါ့၊ဇာတိမြို့ရေကြည်ကနေရန်ကုန်ကိုလာဖို့ခုလို ကားလမ်းတွေမပေါက်သေးတဲ့အချိန်၊ ရထားနှစ်တန် သင်္ဘောတစ်တန်စီးလာခဲ့တော့လူတွေလည်းနုံးချိနေပြီ၊ရထားပေါ်ကအထုပ်တွေချ၊ အဖေကကားသွားငှား၊ပြန်လာတော့လေးဘီးကားလို့ခေါ်ကြတဲ့mazda b600 ကားလေးပေါ်မိသားစု၆ယောက်နဲ့ အထုပ်တွေတင်လို့ တည်းခိုမယ့်သရက်တောကျောင်းတိုက်ဝန်းထဲက အုတ်လှေခါးကျောင်းဆီ သွားခဲ့ကြတာပေါ့၊ဒါရန်ကုန်မှာပထမဆုံးကားစီးဘူးတာပါ။
နောက်တစ်နေ့မနက်စောစောရွှေတိဂုံဘုရားသွားဖူးကြတော့ သုံးဘီးကားလေးစီးလို့၊ကျွန်တော်တို့ ညီအကိုလေးယောက်ပျော်လို့၊နယ်မှာဒီလိုကားနဲ့ပျော်ပျော်ပါးပါးသွားလို့မှမရတာကိုး၊မြောက်ဥက္ကလာ ကဦးလေးအိမ်သွားတော့ သစ်သားဘတ်စ်ကားအိုကြီးစီးလို့၊ကားတွေကခုလောက်မများသေးဘူး၊ မီးပွိုင့်ေ၇ာက်လို့ ကားတွေရပ်နေ၊မီးပွိုင့်က အစိမ်း အ၀ါ အနီမီးလုံးတွေကိုငေးကြည့်ကြ၊မီးပွီုင့်က မစိမ်းသေးဘူးဒရိုင်ဘာက လီဗာကိုခပ်ပြင်းပြင်းနင်းထား ၊စိမ်းတာနဲ့ဝူးကနဲမောင်းထွက်တော့ ကျွန်တော်တို့တွေက တော်လိုက်တာနော် မီးစိမ်းမှာကိုကွက်ထိသိတယ်ပေါ့၊ကလေးဘ၀က အားကျခဲ့ပုံများ။ နယ်ကကားဆရာတွေနဲ့တော့ကွာပါ့ပေါ့၊နယ်မှာက ဂီယာတံကိုတုတ်ထောက်မောင်းတဲ့ ကားတွေနဲ့ ကြီးပြင်းခဲ့ရတာလေ။
တစ်ခါက ရေကြည်ကိုလျှပ်စစ်ဓါတ်အားပေးစက်ရုံလာဆောက်တဲ့ ဂျပန်အင်ဂျင်နီယာက သစ်သားဘော်ဒီနဲ့ ဂီယာတုတ်ထောက်မောင်းနေတဲ့ကားတွေကိုကြည့်ပြီး အမှတ်တရ ဓါတ်ပုံတွေရိုက်သွားတာကြည့်ခဲ့ဘူးတယ်၊ သူတို့မျက်လုံးတွေက ထူးထူးဆန်းဆန်း စိတ်ဝင်စားနေကြတယ်။သူတို့ဆီမှာမရှိတော့တဲ့ကားတွေကိုဒီလို ရအောင်မောင်းနေကြတာကို ထူးဆန်းလို့ပေါ့။
ကလေးဘ၀တုန်းကတော့ လိုချင်တာကိုစိတ်နဲ့အားလုံးရခဲ့တယ်၊အုန်းလက်တစ်ချောင်းဟာ မြင်းလည်းဖြစ်၊ နွားလည်းဖြစ်၊ငှက်ပျောလက်ဟာသေနတ်ပဲ၊ဓါတ်ခဲနဲ့လုပ်ထားတဲ့ကားဟာ မောင်းချင်တဲ့နေရာမောင်းလို့ ရတယ်၊စာရွက်ပေါ်မှာခဲတံနဲ့ဆွဲထားတဲ့ကားတွေအများကြီးပိုင်ခဲ့တာပေါ့၊
အဖေ့အသိတစ်ယောက်ရဲ့ဖင်မလီယာကားလေးနဲ့ရန်ကုန်မြိုကအနှံ့လျှောက်လည်တော့ နောက်ဖုံးထဲမှာ ထိုင်ခဲ့ရတာလေးကလည်း အမှတ်ရစရာပေါ့၊ရန်ကုန်မှာဒီလိုကားတစ်စီးနဲ့လျှောက်လည်ခွင့်ရတာ အဲ့ဒီ အချိန်ကကံကောင်းတယ်ပေါ့လေ။နောက်အဖေ့မိတ်ဆွေတစ်ယောက်ရဲ့ဒေါ့ဂျစ်ကားကြီးနဲ့ကျတော့ ပိုလို့မှ ပျော်စရာကောင်း၊ညီအကိုလေးယောက် ကားပေါ်မှာဆော့လို့၊ခုန်လို့။
အဖေ့တပည့်တစ်ယောက်ကားကတော့ အမိုက်စား၊အနက်ရောင်ဆလွန်းကားကြီးနဲ့ပဲခူးလိုက်ပို့၊ဘုရားစုံဖူး၊ သူပြောတာကတော့ဝယ်ထားတာမဟုတ်ဘူးတဲ့၊ငှားစီးတာဆိုလား၊အဲဒိအချိန်ကထူးထူးဆန်းဆန်းစကားကြားရတာပေါ့၊အဲ့သလိုငှားစီးလို့ရတာကိုသိမှမသိတဲ့အရွယ်လေ။
အမှတ်ရစရာတွေပါ၊မိသားစုတွေကိုသည်းခံပြီး ဒီလောက်မျောက်ရှုံးအောင်ဆော့တဲ့ သားလေးယောက်ကို တစ်ချက်မဆူဘဲ ရန်ကုန်မြို့အနှံ့လိုက်ပို့ပေးတဲ့အဖေလည်းကွယ်လွန်ခဲ့တာ၁၆နှစ်ရှိပြီ၊သတိရနေတုန်းပါအဖေ၊ ခုနေများအဖေရှိခဲ့ရင် ယာဉ်ကြောဒီလောက်ပိတ်နေတဲ့ရန်ကုန်မှာ ကျွန်တော်တို့ကိုဘယ်လို လိုက်ပို့မလဲဆိုတာ သိချင်လိုက်တာ။
ကျွန်တော့်အထင်
 သားတို့ရေ ကားစီးမယ့်အစား၊လမ်းလျှောက်သွားကြတာပေါ့  လို့
ပြောမှာသေချာပါတယ်…

သော်ဇင်အုန်း
၃.၁၀.၁၉၉၉မှာကွယ်လွန်သွားတဲ့ချစ်ဖေဖေဦးတင်အုန်းကိုသတိရလျက်

ထ/၂၀၀၈

ထ/၂၀၀၈

အက်ဆေးဖတ်ချင်တယ်ဆိုလို့
ဒီလထုတ်လေးတင်ပေးလိုက်ပါတယ်

ထ/၂ဝဝ၈
သော်ဇင်အုန်း
သူတို့လင်မယားနှစ်ယောက်နဲ့ သားလေးဟာ ကျွန်တော့်ကို နှမြောတသစွာကြည့်ရင်း ကျန်နေခဲ့ပါတယ်။ ကျွန်တော်နဲ့ ဓာတ်ပုံတွဲ ရိုက်။ ကျွန်တော့်အပေါ်မှာ ဆော့ကစား။ အတူနေခဲ့တဲ့ ကျွန်တော့်ကို ချစ်တဲ့ကောင်းလေးကတော့ လက်ကလေးပြလို့ ...
အနှစ်နှစ်ဆယ်ကျော်ပြီဆိုတော့ ဂျပန်ကို ကျွန်တော်မေ့တေ့တေ့။ ပြန်အစဖော်ကြည့်တော့ သင်္ဘောပေါ်ကနေ ရန်ကုန်ဆိပ်ကမ်း ခြေချခဲ့တာလည်း ခပ်ရေးရေး။ ပထမဆုံးရောက်ခဲ့တာက ရန်ကုန်မြို့တစ်နေရာက ဘော်ဒီရုံပေါ့။ သင်္ဘောပေါ်က တင်တာ၊ ချတာမှာ နည်းနည်းပါးပါး ထိခိုက်မိတော့ ကျွန်တော့်ကို ပတ်တီးနည်းနည်းရိုက်ပြီး ဆေးပြန်မှုတ်ကြတာပါ။
''ဒါ ကျုပ်ကိုယ်တိုင်သွင်းလာတာလေ။sunny က စီရာရင်အရမ်းပေါ့တယ်။ မောင်းလို့ကောင်းတယ်ဗျ''
ပထမဆုံးပိုင်ရှင် သင်္ဘောကပ္ပတိန်က ဂုဏ်ယူဝံြ့
မှောင်မဲမဲဂိုဒေါင်ထဲကို အလင်းရောင်အကြည့်ဝင်လာတော့ မျက်စိတွေကျိန်းစပ်သွားတယ်။
''မနေ့က အစ်ကိုဖုန်းဆက်လို့လာတာ။ ဒီတစ်ခေါက်ပြန်လာရင် ကားချိန်းမှာမိှု့ကညညပ ကို ထုတ်ခိုင်းလို့ လာကြည့်တာ''
ကားပွဲစားတစ်ယောက်ရဲ့ စကားသံနဲ့အတူ ပိုင်ရှင်မိန်းမကိုပါ တွေ့လိုက်ရတယ်။
''အစ်မကတော့ ဘာမှမသိဘူး။ မင်းအစ်ကိုပြောခဲ့တဲ့အတိုင်းပေါ့။ ကားကတော့ မြင်တဲ့အတိုင်း မင်းအစ်ကို သင်္ဘောတက် သွားကတည်းက ဒီအတိုင်း ဂိုဒေါင်ထဲမှာထားတာ''
သိလိုက်ပြီ။ ကျွန်တော့်ကိုရောင်းကြတော့မယ်။ မသွားချင်ဘူး။ မသွားချင်ဘူး။ ဒီမှာပဲနေပါရစေ။ ကျွန်တော့်အသံကို ဘယ်သူမှ မကြားကြဘူးဗျာ ...။
နောက်ပိုင်ရှင်ကတော့ ခိုင်းသလားမမေးနဲ့။ သူ့လက်ထဲမှာ ဘော်ဒီရုံနှစ်ခါရောက်တယ်။ ကျွန်တော့်ခန္ဓာကိုယ်အနှံ့လည်း ခွဲစိတ်ရာတွေချည်း။ ဂျပန်ကပါလာတဲ့ ကျွန်တော့်ကိုယ်ပိုင်ချက်စီ နံပါတ်လေးတောင်မှRTA အထုထံလိုက်ရပြီ။
ခိုင်းလို့ဝတော့ ကျွန်တော့်ကိုရောင်းပြန်ပါတယ်။ ဒီတစ်ခါတော့ တော်တော်သက်သာပါတယ်။ ပိုင်ရှင်က ၇ ရက်တစ်ခါ ဆီသွားထုတ်ပြီး ပြန်ရောင်းတဲ့အလုပ်ပဲလုပ်တယ်။ အရင်ပိုင်ရှင်လက်ထဲမှာ မနားတမ်းသွားနေရတဲ့ ကျွန်တော်ဟာ ခုတော့ ဇိမ်ကို ကျလို့။
''တစ်ခါတည်း စရံချလိုက်၊ နောက်နေ့မှ ငွေချေပေါ့။ တော်ကြာ သူများဦးသွားမယ်''
ပွဲစားနှစ်ယောက်နဲ့ လင်မယားနှစ်ယောက် ကျွန်တော့်ကို လိုက်ကြည့်နေတာ။ လူလတ်ပိုင်း လင်မယားကတော့ စိတ်ခိုင်မာပုံ ရတယ်။ တခြားလူတွေလိုမဟုတ်ဘူး။ ကြည့်တယ်၊ စဉ်းစားနေတယ်။ လင်မယားနှစ်ယောက် ခဏတိုင်ပင်တယ်။ နောက် တစ်ထိုင်တည်းပဲ ဝယ်လိုက်ကြတယ်။
ဒီလိုနဲ့ ကျွန်တော့်ရဲ့ နောက်ဆုံးပိုင်ရှင်ဆီကို ရောက်ခဲ့တယ်။ အဲဒီမှာ ပျော်စရာအကောင်းဆုံး ဘဝကိုရရှိခဲ့ပါတယ်။ မနက် မိုးလင်းရင် ပိုင်ရှင်နဲ့ သူ့သားလေးက ကျွန်တော့်ကို အမြဲရေချိုးပေး။ သန့်ရှင်းရေးလုပ်၊ အရမ်းဂရုစိုက်ကြတယ်။ ကျွန်တော့်ဘဝ ရဲ့ အပျော်ဆုံးအချိန်ကတော့ ပိုင်ရှင်ရဲ့ သားကလေးနဲ့ ကျွန်တော်ဆော့ကစားရတဲ့အချိန်လေးတွေပါပဲ။ ကလေးတစ်ယောက်ရဲ့ ဖြူစင် လွတ်လပ်တဲ့ပျော်ရွှင်မှု၊ ကျွန်တော့်ဘဝရဲ့ နောက်ဆုံးအချိန်မှာ ထာဝရမေ့မရတော့တဲ့ လူသားစစ်စစ်ရဲ့ အနမ်းတွေရရှိခဲ့တာ သေ ပျော်ပါပြီ။
''ငါတို့က ပါမစ်ရလည်း သွင်းမှမသွင်းနိုင်တာ။ ရောင်းပြီးတော့မှ တခြားဟာစဉ်းစားကြတာပေါ့ကွာ''
ပိုင်ရှင်က သူ့ဇနီးကို စကားတွေတတွတ်တွတ်ပြောလို့ ...။ မျက်လုံးလေးကလယ်ကလယ်နဲ့ သားငယ်လေးက ထိုင်ငေးလို့။ ဖြစ်ပြီးရင် ပျက်ရတာပါပဲလေ။ ဘာပဲဖြစ်ဖြစ် ကျေနပ်ပါတယ်။ ဂျပန်ကထွက်လာပြီးကတည်းက ပိုင်ရှင်အမျိုးမျိုးပြောင်းလာတဲ့ ကျွန်တော်ဟာ နောက်ဆုံးအချိန်မှာ အကြင်နာ၊ မေတ္တာအပြည့် မိသားစုဆီမှာ နေခဲ့ရလို့ပါပဲ။
ဒီတစ်ခါတော့ နောက်ပိုင်ရှင်လက်ထဲမှာလဲ နေစရာမရှိတော့ပါဘူး။ ကျွန်တော့်ဘဝက အရည်ကြိုအဖြစ် ဇာတ်သိမ်းရတော့မှာ ပါ။ ဝယ်ရောင်းသံသရာကြီးထဲက ကျွန်တော်ထာဝရထွက်ခွာသွားခဲ့ပြီပေါ့။ အားလုံးပြီးဆုံးသွားခဲ့ပြီလေ။
အခုချိန်ဆို ဂျပန်မှာ ချယ်ရီတွေပွင့်နေလောက်ပြီပေါ့ ...။

Friday, August 21, 2015

လယ်သမားတွေဟာလည်နေတယ်

ကျနော့်အဖိုးက
လယ်သမားစစ်စစ်
အင်္ဂလိပ်ခေတ်
ဂျပန်ခေတ်
အင်္ဂလိပ်ခေတ်
ဖဆပလ
ဗိုလ်ချူပ်ကျဆုံးသွား
ဦးနုနေရာရ
လွတ်လပ်ရေးတိုက်ပွဲများ
ဗိုလ်နေဝင်းအာဏာခဏလွှဲ
နောက်တော့ ထာဝရ
မဆလ အစိုးရ
တာဝန်ကြေစပါးကို
အဖိုးတာဝန်နှစ်တိုင်းကြေ
၁၉၈၈ အရေးအခင်းကြီးဖြစ်တော့
ရေဒီယိုအစုတ်လေးနဲ့ အဖိုး
လယ်ကွင်းထဲကအဖိုးနဲ့
တက်ကြွကျောင်းသားကျနော်
ညိရော
မြေးလေးအဖိုးကပြည်သူပါ
ကောက်ညှင်းပေါင်းလေးစား
ဦးရှင်ကြီးပူဇော်
လယ်ထဲပျိုးကြဲ
စပါးရိတ်တဲ့အခါ
တက်လာတဲ့အစိုးရကို
ဝမ်းစာချန်ပြီးပေးလိုက်တာ
ခုတော့ လယ်ကွင်းတွေ
သူ့နွားတွေ
သူ့တင်းဂုတ်တွေကို
အဖိုးစွန့်ခွါသွားပါပြီ
ခု
အဖိုးချစ်တဲ့ လယ်ကွက်ထဲမှာ
ရေတွေလွှမ်းနေပြီ
အဖိုးပြောတဲ့ဖင်ထဲရွှံ့ဝင်မှ
ထမင်းစားရတဲ့လယ်သမားတွေ
ဒုက္ခသည်ုဖြစ်နေပြီ
အဖိုးရေ

Thursday, May 28, 2015

ငါဟာပြည်သူတစ်ယောက်

စိတ်ဓါတ်ကျနေတဲ့ စိတ်ကုန်နေကြတဲ့
ဒီနေ့ခေတ်အခြေအနေကို
ဒီအခြေအနေထဲနေထိုင်အသက်ရှင်နေရတဲ့
ငါ
ကဗျာဆရာလဲ
မရွေးချယ်ဘဲနေရ
သစ်ကုလားအုတ်လည်ပင်းရှည်တွေနဲ့
မြို့ကြီးပြကြီးရဲ့လိုင်းကားကိုမျော်နေရ
ခြေဖျားလေးတွေလှမ်းလှမ်းထောက်ပြီး
ကြည့်နေကြရ
လိုင်းကားလာလို့တိုဝှေ့နေရာရပေမယ့်
ယာဉ်ကြောပိတ်ဆို့
ငါတို့ နိစ္စဓူဝ
ပူလောင် စိတ်တို
ချွေးထုတ်ခန်းသွားစရာမလို
ခန္ဓာကိုယ်အနှံ့ ချွေးသီးချွေးပေါက်ကျ
လူလူချင်း ဘဝတူချင်းဒေါသထွက်ရ
ငါတို့အစိုးရသစ်
ငါတို့ဒီမိုကရေစီ
ငါတို့၅နှစ်ပြည့်တော့့မည်
ငါတို့ပစ္စုပ္ပန်ကသည်းခံရ
ငါးမျှားတံမှာ
အစာတပ်ပြီးမျှားသလို
ငါတို့ဟာ အစာကိုဟပ်နေကြ
ငါတိုဟပ်တဲ့အနာဂတ်ဟာ
အာခေါင်ကိုစိုက်နေမယ့်
ငါးမြှားချိတ်လား

ငါ့နိုင်ငံတော်

ငါဟာ
ငါ့ရှေ့ကသမိုင်းတွေနဲ့
ငါ့ရှေ့ကစာအုပ်တွေနဲ့
ငါဟာ
ငါအလွတ်ကျက်ထားတဲ့စာမျက်နှာနဲ့
ငါကြီးလာခဲ့
ငါဟာ
ငါသိ ငါအနစ်နာခံ ငါနေရာမယူ
ငါကောင်းခဲ့ပါတယ်လို့ထားလိုက်ပါတော့
ငါကောင်းခဲ့တယ်
ငါကောင်းဖို့လုပ်နေတယ်
ငါဆိုတာ
ငါမပျောက်တော့
ငါမပျောက်ခဲ့တော့
ငါဟာ
ငါထဲမှာပိတ်မိနေတယ်

Thursday, April 2, 2015

ည (6)

ရေထသောက်တယ်
နာရီက၃တဲ့
အင်တာနက်ဖွင့်တော့
စစ်တွေဖြစ်လို့
သေစာရင်းတွေတိုး
ကြွက်ပေါက်လေးက ငါ့ရှေ့ဖြတ်ပြေး
ပဌာန်းရွတ်သံတွေကြားနာနေရတယ်
အိပ်နေသူတွေ
မအိပ်နိုင်သူတွေ
ငါတို့နိုင်ငံအိပ်ချိန် သူတို့နိုင်ငံ မနက်ခင်း
သတင်းကမ္ဘာဆိုတာ
အပျင်းမပြေပါ
စိတ်မချမ်းသာစွာ
ဒီအိုင်တီကမ္ဘာ
ငါလူဖြစ်ရတာ
ဒီလိုလား

ငါ့နိုင်ငံတော်

ငါဟာ
ငါ့ရှေ့ကသမိုင်းတွေနဲ့
ငါ့ရှေ့ကစာအုပ်တွေနဲ့
ငါဟာ
ငါအလွတ်ကျက်ထားတဲ့စာမျက်နှာနဲ့
ငါကြီးလာခဲ့
ငါဟာ
ငါသိ ငါအနစ်နာခံ ငါနေရာမယူ
ငါကောင်းခဲ့ပါတယ်လို့ထားလိုက်ပါတော့
ငါကောင်းခဲ့တယ်
ငါကောင်းဖို့လုပ်နေတယ်
ငါဆိုတာ
ငါမပျောက်တော့
ငါမပျောက်ခဲ့တော့
ငါဟာ
ငါထဲမှာပိတ်မိနေတယ်