Monday, November 5, 2012
စုဘူးလေးတစ်ဘူးနဲ့လိုချင်တာတွေဝယ်လို့ရမယ်ထင်ခဲ့တယ်
စုဘူးလေးတစ်ဘူးနဲ့လိုချင်တာတွေဝယ်လို့ရမယ်ထင်ခဲ့တယ်
ကာရာအိုကေနဲ့အနှိပ်ခန်းမရောက်ဖူး
ပင်လယ်ရေမချိုးဖူး
လေယာဉ်လက်မှတ်နဲ့ရေမွှေးပုလင်းမ၀ယ်ဖူး……
ကျွန်တော်သူ့ကိုအ၇မ်းသနားသွားတယ်၊သြော်..သူ့ဘ၀ကဒီလိုပါလားလို့။အထီးကျန်လိုက်တာပေါ့၊ရယ်စရာ
ပြောရရင်“အထီးကျန်တာ အမ မရှိလို့”ပေါ့။ဟုတ်ကဲ့။။။ခုထိ ဒီစာရေးနေတဲ့(၁.၉.၂၀၁၁)ထိသူကတစ်ကိုယ်
တည်း လူပျိုကြီးပါ။
နိုင်ငံကူးလက်မှတ်မလို
ကွန်ဒုံးမလို…………….
အို…..သွေးသားကိုအလိုမလိုက်ပါလား၊ဘယ်လိုများထိမ်းသိမ်းထားပါလိမ့်၊ခမျာ-သွေးလည်ပတ်မှုမှန်ပါ့မလား
ပုတီးစိတ်လိုက် အပြာကားကြည့်လိုက်
ပန်းချီရေးလိုက် နိုင်ငံရေးစကားပြောလိုက်
ကမ္ဘာကြီးပူနွေးလာတဲ့အထဲ ၀င်ပါလိုက်
တူမလေးတွေကို စူပါမားကက် ပို့လိုက်……..
အမယ်၊……ဒီလိုဆိုတော့လည်း၊မိုက်သားပဲ။ဘ၀ကိုဒီလိုအပန်းဖြေတတ်သားပဲ။ကျွန်တော်နဲ့သူက မွေးနေ့
ရက်ချင်းအတူတူ…..သူက(၃၀.၁၀.၄၆) ကျွန်တော်က (၃၀.၁၀.၇၀)။သူကမတ်တပ်ရပ်နေတဲ့အခါ
မိုးကောင်းကင်နဲ့ငါးပေ ပိုနီးတယ်၊ကျွန်တော်က မတ်တပ်ရပ်နေတဲ့အခါ မိုးကောင်းကင်ထက် ငါးပေနှစ်လက်မ
ပိုနီးတယ်။
ဟိုးးးးးးးမြန်မာဘုရင်များလက်ထက်မှာ မြန်မာကြီးတစ်ယောက်ဟာ အရပ် ဆယ်ပေလောက်တောင်ရှိသတဲ့။
ခု…….ကျွန်တော်တို့ကပုတာချင်း အတူတူ၊သူ့ကိုကျွန်တော်တန်းဆွဲညှိနေတာမဟုတ်ပါဘူး။ညှိလို့လဲမရနိုင်ပါ
ဘူး။ သူကဆင်ဆိုရင်ကျွန်တော်က ပုရွက်ဆိတ်၊ကျွန်တော်က ပုရွက်ဆိတ်ဆိုရင် သူက ဆင်ကြီးပါ။
ကျွန်တော်သူ့ကို လေးစားတယ်
ကျွန်တော်သူပြောတဲ့စကားတွေကိုနားထောင်ချင်တယ်
ကျွန်တော်သူရေးတဲ့ကဗျာ၊စာတွေကိုဖတ်ချင်တယ်
ကျွန်တော်သူ့ကိုမသေစေချင်သေးဘူး။
သူဟာ…ကျွန်တော့်ထက်(၂၄)နှစ်တိတိ ပိုပြီး လောကကြီးကို ပိုပြီးမြင်ခွင့်ရခဲ့သူပါ။
အနုပညာမှာ ပို့စ်မော်ဒန်
ဘာသာလေမှာ ဗုဒ္ဒစ်
နိုင်ငံလေမှာ လစ်ဘရယ်ဒီမိုကရက်တစ်………….
လက်ဖက်ရည်စပါယ်ရှယ်လစ်လို့ထပ်ထည့်ချင်သေးတယ်။စာပေလောကမှာသူ့လောက် လက်ဖက်ရည်ကို
နှစ်နှစ်ခြိုက်ခြိုက် သောက်နိုင်တဲ့သူမရှိဘူးလို့ကျွန်တော်ထင်ပါတယ်။တစ်နေ့မှာသူဘယ်လောက်လက်ဖက်ရည်
သောက်သလဲဆိုရင်သူတောင်သိနိုင်မှာမဟုတ်ဘူး။လက်ဖက်ရည်ကိုကြိုက်လို့လား၊လက်ဖက်ရည်ဆိုင်ထိုင်တာကိုကြိုက်လို့လား ဆိုတာတော့ ဒီတစ်ခါတွေ့ရင်မေးကြည့်ရဦးမယ်။တနင်္ဂနွေနေ့ ဆိုရင်ဘုမ္မာလမ်းထိပ်က
လက်ဖက်ရည်ဆိုင်မှာ လာသမျှလူတွေ(စာပေသမားတွေပါ)ကို လက်ဖက်ရည်ဖိုးသူရှင်းပေးပါတယ်။မယုံရင်စာ
ဖတ်သူကိုယ်တိုင်သွားကြည့်စေလိုပါတယ်။
ဒါပေမယ့်
ဒီငနဲကပဲ
ရင်ထဲမှာ သံမှိုစွဲထားသလို
ဒီမိုကရေစီကို ယုံကြည်ခဲ့တယ်……
“ငါပြောတာနားထောင် ငါယုံကြည်တာမင်းတို့ယုံကြည် ငါလုပ်သလိုမင်းတို့လုပ်”လို့ တစ်ခါမှ
ဒီငနဲကြီးမပြောခဲ့ဘူးဗျာ။သူလည်းပြောချင်တာပြောမယ်။ခင်ဗျားတို့လဲပြောချင်တာပြောကြ။လွတ်လပ်စွာ
ကွဲလွဲကြမယ်။ဒီလက်ဖက်ရည်ဝိုင်းမှာ ရန်ဖြစ်စ၇ာမလိုဘူး။
ထွန်းစန်းကပြောဖူးတယ်
“သူ့ဆီကိုလာတာ ဘာများရှုံးစရာရှိလဲ၊သူတိုက်တဲ့လက်ဖက်ရည်ကိုသောက်၊သူလည်းပြောချင်ရာပြော၊
ကျွန်တော်တို့လဲပြောချင်ရာပြော၊လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွှင်ဗျာ၊တစ်ခါက ကိုအောင်ချိမ့်နဲ့
တာရာမင်းဝေ စကားအချေအတင်ဖြစ်တဲ့ပွဲမှာ သူဘာပြောသလဲသိလား
“ချိမ့်ကြီး၊လူငယ်တွေ ပြောချင်တာပြောပါစေ၊ကျွန်တော့်လက်ဖက်ရည်ဝိုင်းမှာ
ဒီမိုကရေစီရှိတယ်၊။ရွှေဘုန်း မင်းကလဲ မင်းအယူအဆကိုပြောတဲ့အခါ
လူကြီးကိုစော်ကားသလို မဖြစ်စေနဲ့” တဲ့။
သူက အဲဒီလိုမျိုး……………………………………..
ယဉ်ယဉ်ကလေးဆိုးတဲ့ကောင်ဟာ
ဆယ်တန်းကို ငါးခါကျခဲ့တယ်
အဲဒီအရွယ်မှာပဲ
ကောင်မလေးတစ်ယောက်ကို အရူးအမူးနဲ့စွဲလမ်း
မတော်တဆ အသည်းကွဲရာမှ
ခြေချော်လက်ချော်
ကဗျာဆရာဖြစ်လာခဲ့
အဲဒါကျွန်တော်ကံဆိုးတာလား
မြန်မာစာပေလောက ကံဆိုးတာလားးးးးးးးးးးး
သူဟာသူဖြစ်လာခဲ့တာကို အဲသလို ရိုးရိုးသားသား ရေးခဲ့ပါတယ်။သူဟာ ဒီလို သူဖြစ်လာအောင် ဘာညာ
ဘာညာ ဆိုပြီး သူဟာမညာခဲ့ဘူး။
မတော်တဆဟာ တော်တော်ကျကျ
ဖြစ်လာခဲ့ပါတယ်………..
ကျွန်တော်တို့ကံကောင်းခဲ့ပါတယ်။
အဖေက လခ သုံးရာရတဲ့ ဌာနခွဲ စာရေးကြီး
(သူကတော့ အဲဒီရာထူးကို ဒုရုံးအုပ်လို့ပြောတယ်)
အမေကတော့ မြေလတ်သူ
ဗမာစာရေးတတ်ဖတ်တတ်
(ဒါပေမယ့် ဘုရင်ခံသမီးလိုစိတ်ကြီးလည်းဝင်တတ်တယ်)
ဒီလိုမိဘနှစ်ပါးကပေါက်ဖွားခဲ့တဲ့သူဟာ………………………………….
ငါးကျည်းနဲ့ငါးခူကို
ဘယ်လို ခွဲခြားရမယ်ဆိုတာကအစ……………သူ့ရှဲ့နှုတ်ဖျားကပြောခဲ့တဲ့စကားပါ။
“လှသန်းက အဲဒါကြောင့်ပြောတာ၊ငါတို့ရှေ့ကလူကြီးတစ်ယောက်ကလဲ
ကြက်သွန်ဖြူနဲ့ ကြက်သွန်နီ မကွဲဘူး၊
လူကြီးတစ်ယောက်ကလဲ၊သမီးနဲ့မြေးကို မကွဲဘူး”တဲ့။
အဲဒီလိုလူ၊သူဟာ ကြိုက်ရာခေါင်းစဉ်ကို ပေး၊လိုချင်ရာစာကို ပေး၊ရေး သူတစ်ယောက်ရဲ့ဘ၀မှာ ရေးချင်စေရာကို ရေးနိုင်တယ်။စာရေးခြင်းအတတ်တစ်ခုတည်းနဲ့ သူနေခဲ့တယ်။
သူဟာစစ်မတိုက်တတ်ခဲ့ဘူး
သူဟာတိုက်မဆောက်တတ်ခဲ့ဘူး
သူဟာကားမမောင်းတတ်ခဲ့ဘူး
သူဟာပွဲစားမလုပ်တတ်ခဲ့ဘူး
သူဟာစာပေဟောပြောပွဲ မဟောခဲ့ဘူး
သူဟာစာရေးခြင်း အလုပ်တစ်ခုတည်းနဲ့ စာရေးနေခဲ့တယ်။သူဟာတောက်တဲ့ကိုကြောက်တဲ့သူဆိုတော့ ခု အချိန်မှာ ၂၅ ကျပ်သားရှိတဲ့ တောက်တဲ့ကိုရရင်ဆိုတဲ့ တောက်တဲ့အကြောင်းတွေကို သူကြားတောင်ကြားရဲမှာမဟုတ်ဘူး။
ဒါပေမယ့်သူဟာ ခု နည်းနည်းနည်းဝန်ခံလာတယ်
ခွေးအိုကြီး လက်ပေးသင်သလို
အသက်ကြီးမှရည်းစားတွေဘာတွေရ
သူနဲ့ကျွန်တော့်အသက်က
မိုက်ကယ်ဒေါက်ကလပ်နဲ့ကက်သရင်းဇီတာဂျုံးလောက်
ကွာတယ်……..
သူ့ကိုချစ်တဲ့သူတွေ စိတ်ဝင်စားအောင်လား၊သူ့ကိုချစ်တဲ့သူတွေကို ရိုးရိုးသားသား ဖွင့်ဟ၀န်ခံတာလား
သူလည်းလေလောကီသားမို့ ကြွားချင်တာလားးးးးးးးးးးးးးး
ဒုက္ခတွေကို
ကြက်မွှေးနဲ့သပ်ချလို့……..
သူကတော့ ဒုက္ခရောက်မရောက်မသိဘူး၊သူ့ကိုစဉ်းစားရင်း ကျွန်တော်ကတော့ ဒုက္ခတွေရောက်လို့
သူ့ကဗျာတွေနဲ့ ကျွန်တော့်ဒုက္ခတွေကိုသပ်ချလို့ပေါ့………………………။ ။
(သော်ဇင်အုန်း)
“လူသိရှင်ကြားဖုံးကွယ်ခြင်း” ဆိုတဲ့ သစ္စာနီရဲ့ ကဗျာရှည်ကိုဖတ်မိရင်းရေးခဲ့တာဖြစ်ပါတယ်(လှိုင်းသစ်)
ခုအချိန် ၃၀.၁၀.၁၂မှာတော့အင်္ဂလန်ကိုသူရောက်နေပြီဆိုတော့…………………………………..
ကျွန်တော် နောက်တစ်ခါရေးရင် …..
အဲဒီတုန်းက သစ္စာနီ နိုင်ငံကူးလက်မှတ်မရှိသေးဘူး
လေယာဉ်ပျံလက်မှတ်နဲ့ရေမွှေးပုလင်းမ၀ယ်ဘူးသေးဘူး
…………………………………………………………………
စသည်ဖြင့်ပေါ့
ချစ်ရတဲ့ ကိုရဲ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေလို့…………………..
Labels:
ကဗျာအကြောင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment